တအာင်းပြည်တွင် ဧပြီလအတွင်း မီးလောင်မှု (၈)ကြိမ်ဖြစ်ပွား၊ ကျပ်သိန်းပေါင်း (၅၆ဝ)ကျော် မီးလောင်ဆုံးရှုံး
တအာင်းပြည်၊ ဧပြီလ ၃ဝရက်
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်သောမြို့နယ်များတွင် ဧပြီလ တစ်လအတွင်း မီးလောင်မှု (၈)ကြိမ်ဖြစ်ပွားပြီး ကျပ်သိန်းပေါင်း (၅၆ဝ)ကျော် မီးလောင်ဆုံးရှုံးသွားခဲ့သည်။
နမ္မတူမြို့နယ်၊ ကုန်ပေါင်ကျေးရွာတွင် ပြီးခဲ့သည့် ဧပြီလ (၁)ရက် မွန်းလွဲ (၁၂း၄၅)နာရီအချိန်တွင် တောမီးမှတစ်ဆင့် ဦးအိုက်ရီ၏ နေအိမ်မီးလောင်သွားခဲ့သည်။ ၎င်း၏ နေအိမ်အတွင်း မြက် ရိတ်စက်နှင့်ဆန်စပါးများအပါအဝင် မီးလောင်ကျွမ်းသွားခဲ့သည်။
အလားတူ ကွတ်ခိုင်မြို့၊ရပ်ကွက် (၅)တွင် ပြီးခဲ့သည့် ဧပြီလ (၄)ရက် နံနက်ပိုင်း (၁၁း၄ဝ)နာရီအချိန်တွင် ဆိုလာပြာမီးမှတစ်ဆင့် ဝါယာကြိုး ရှော့(စ်)ဖြစ်ကာ နေအိမ် (၂)လုံး မီးလောင်မှုဖြစ်ပွားခဲ့ပါသည်။ ၎င်းတို့၏ နေအိမ်အတွင်း ပစ္စည်းအများအပြား မီးလောင်ကျွမ်းသွားခဲ့ပါသည်။
ထို့အပြင် နမ့်ခမ်းမြို့နယ်၊ ကွန်လုံကျေး ရွာတွင်လည်း ပြီးခဲ့သည့် ဧပြီလ (၅)ရက် နံနက် (၉း၄၅)နာရီအချိန်တွင် ဒေါ်နိုင်အောင်မြင့်၏ နေအိမ်အတွင်း လျှပ်စစ်မီးဖြင့် ခရားအိုးတည်ထားရာမှ ပေါက်ကွဲပြီး မီးလောင်မှုဖြစ်ပွားကာ စုစုပေါင်းကာလတန်ဖိုး ကျပ်သိန်း (၁၈ဝ)ကျော် မီးလောင်ဆုံးရှုံးသွားခဲ့သည်။
ကွတ်ခိုင်မြို့နယ်၊ဟိုကျန့်ကျေးရွာလည်း ပြီးခဲ့သည့် ဧပြီလ (၁၃)ရက် နံနက် (၄း၃ဝ)နာရီအချိန်တွင် ဦးဆိုင်းခွန်သည် မွေးထားသည့်မီးကို ကောင်းမွန်စွာငြိမ်းသတ်ထားခြင်းမရှိသောကြောင့် ထိုမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားသွားခဲ့ပြီး (၁၅)သိန်းကျော် မီးလောင်ဆုံးရှုံးသွားခဲ့သည်။
ပြီးခဲ့သည့် ဧပြီလ (၂၁)ရက်လည်း သီပေါမြို့၊ အုတ်ကျင်းရပ်ကွက်တွင် ည (၉း၄ဝ)နာရီအချိန်တွင် မဟာမြတ်မုနိဘုန်းကြီးကျောင်းအတွင်းရှိ ကျောင်း ဆောင်တစ်ခုတွင် သာမဏေများသည် ဘုရားရှိခိုးချိန် ဖယောင်းတိုင်များကို မီးထွန်းထားခဲ့ပြီး ထို့မှတစ်ဆင့်မီးလောင်မှုဖြစ်ပွားခဲ့ကာ စုစုပေါင်းကာလတန်ဖိုး သိန်း (၄ဝ)ကျော် မီးလောင်ဆုံးရှုံးသွားခဲ့သည်။
အလားတူ ပြီးခဲ့သည့်ဧပြီလ (၂၅)ရက် ကျောက်မဲမြို့နယ်၊ တံခွန်တိုင်ကျေးရွာတွင် အမှိုက်များကို မီးရှို့ထားရာမှတစ်ဆင့် ဦးလောစန်း၏ နေအိမ်မီး လောင်သွားခဲ့ပါသည်။ ထို့နေအိမ်အတွင်းပစ္စည်းများအားလုံး၏ စုစုပေါင်းဆုံးရှုံးမှုကာလတန်ဖိုး (၃၄)သိန်းကျော် မီးလောင်ဆုံးရှုံးသွားခဲ့သည်။
ထို့အပြင် မိုးမိတ်မြို့၊ လက်ခုတ်တန်းရပ်ကွက်တွင်လည်း ပြီးခဲ့သည့် (၂၆)ရက် ညနေ (၄း၂ဝ)နာရီအချိန်တွင် ဦးဆိုင်ရိန်၏ နေအိမ်ရှိ ဘက်ထရီသည် အပူလွန်ရာမှ နေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့ရာ မီးလောင်သွားသည့်ပစ္စည်းများအားလုံး၏ စုစုပေါင်းကာလတန်ဖိုးသည်ကျပ်သိန်းပေါင်း (၂ဝဝ)ကျော် ဆုံးရှုံးသွားခဲ့သည်။
မိုင်းဝီးမြို့နယ်၊ မန်းပူးကျေးရွာလည်း ပြီးခဲ့သည့် ဧပြီလ (၂၆)ရက်ည(၇း၃ဝ)အချိန်တွင် ဦးယိုင်ဝေါင်းသည် နေအိမ်အတွင်း မီးမွေးထားရာမှ အပြင်သွားနေစဥ် နေ အိမ်စတင်လောင်သွားခဲ့ပါသည်။ ထိုနေအိမ်မှတစ်ဆင့် ဘေးအိမ်ရှိ ဦးညီဦး၏ နေအိမ်ကိုလည်း မီးကူးသွားကာ နေအိမ်မီးလောင်သွားခဲ့ပြီး ၎င်းတို့နေအိမ်အတွင်း ပစ္စည်းများအားလုံး၏ စုစုပေါင်းကာလတန်ဖိုးသည် ကျပ်သိန်း (၁ဝဝ)ကျော် မီးလောင်ဆုံးရှုံးသွားခဲ့သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ