နောင်ချိုနှင့် မိုးကုတ်မြို့နယ်ကို စစ်ကောင်စီတပ်မှလေကြောင်းဖြင့် ထပ်မံဗုံးကြဲချမှုကြောင့် ပြည်သူလူထု (၁)ဦး ထိခိုက်ဒဏ်ရာရ
တအာင်းပြည်၊ မေလ ၄ရက်
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLAအုပ်ချုပ်သော နောင်ချိုနှင့် မိုးကုတ်မြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲချမှုကြောင့် ပြည်သူလူ ထု (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။
စစ်ကောင်စီတပ်သည် ယမန်နေ့ မေလ (၃)ရက် ည(၈းဝဝ)နာရီအချိန်တွင် နောင်ချိုမြို့နယ်၊ ဝါးဘိုးကုန်းကျေးရွာကို ဂျက်ဖိုက်တာဖြင့် ဗုံး (၁)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ပါသည်။ ထို့ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ် (၁)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးစာသင် ကျောင်း (၁)ကျောင်း ထိမှန်ပျက်စီးခဲ့သည်။
အလားတူ မိုးကုတ်မြို့အနောက်ပိုင်း၊ ဆင်ခွာကျေးရွာကိုလည်း ည (၉း၅၅)နာရီအချိန်တွင် လေကြောင်းဖြင့် ပေါင်(၂၅ဝ)ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ပြီး ဘုန်းကြီးကျောင်း(၂) ကျောင်းနှင့် ဓမ္မရုံတို့ကို ထိမှန်ပျက်စီးသွားခဲ့သည်။
ယမန်နေ့ နံနက်(၉းဝဝ)နာရီဝန်းကျင်အချိန်လည်း မိုးကုတ်မြို့အနောက်ပိုင်း၊ ကသဲရပ်ကွက်ရှိ အနောက်ကျောင်းကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲချမှုကြောင့် ဒေသခံ(၁)ဦး သေဆုံးခဲ့ပြီး (၁)ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်(၁၆)လုံးလည်းထိမှန်ပျက်စီးခဲ့ပါသည်။
ပြီးခဲ့သည့် မေလ (၂)ရက် ည (၁၁း၄ဝ) အချိန်တွင်လည်း စစ်ကောင်စီတပ်သည် နောင်ချိုမြို့နယ်၊ လုံဝယ်ကျေးရွာကို လေကြောင်းဖြင့် ပေါင် (၃ဝဝ)ဗုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။
စစ်ကောင်စီတပ်သည် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်သောမြို့နယ်များကို စစ်အင်အား ဖြည့်တင်းခြင်း၊ ထိုးစစ်ဆင်ခြင်းနှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာများကို လေကြောင်းဖြင့် မိဘပြည်သူလူထုများကို ရည်ရွယ်ချက်ရှိရှိ ဦးတည်ပြီး ဗုံးကြဲချခြင်းစသည့်လုပ်ရပ်များ ပြုလုပ်နေပါသည်။
ထို့ကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီးလေကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နားဆောင် ရွက်ရန် လိုအပ်ပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ