1091

စစ်ကောင်စီတပ်မှ မိုးကုတ်မြို့နှင့် နောင်ချိုမြို့တွင် လေကြောင်းဖြင့် ပေါင် (၅၀၀)ဗုံး လာရောက်ကြဲချတိုက်ခိုက်၊ နေအိမ်(၇)လုံးပျက်စီးဆုံးရှုံး

ဒေသတွင်းသတင်း / ဒေသတွင်း
14 May 2025

စစ်ကောင်စီတပ်မှ မိုးကုတ်မြို့နှင့် နောင်ချိုမြို့တွင် လေကြောင်းဖြင့် ပေါင် (၅၀၀)ဗုံး လာရောက်ကြဲချတိုက်ခိုက်၊ နေအိမ်(၇)လုံးပျက်စီးဆုံးရှုံး


တအာင်းပြည်၊ မေလ ၁၄ ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ တပ်မဟာ(၂)နယ်မြေ၊ နောင်ချိုမြို့တွင် မေလ (၁၃)ရက် ည (၉း၃၀) နာရီအချိန်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင်(၅၀၀)ဗုံးလာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။ 


တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့နယ်၊ နယ်မြေ(၁၀) စျေးရပ်ကွက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ပေါင်(၅၀၀)ဗုံးတစ်လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီတပ်မှ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် နေအိမ်(၇)လုံး ထိမှန်ပျက်စီး ဆုံးရှုံးခဲ့သည်။


အလားတူ မိုးကုတ်မြို့နယ် မေလ (၁၃) ရက်၊ ည (၁၁း၄၉)နာရီအချိန်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် (၁)ကြိမ် ရွှေလိပ်ပြာအနီးတဝိုက်တွင် လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။ 


စစ်ကောင်စီတပ်မှ မေလ (၁၂)ရက်၊ ညအချိန်တွင် မန်တုံမြို့ နှင့် မိုင်းငေါ့မြို့တို့တွင်  ဂျက်ဖိုက်တာဖြင့် ဗုံးလာရောက်ကြဲ ချတိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီတပ်မှ မန်တုံမြို့တွင် ဗုံးလာရောက်ကြဲချတိုက်ခိုက်မှုကြောင့်  ပြည်သူ (၁)ဦးသေ ဆုံးပြီး (၃)ဦးထိခိုက်ဒဏ်ရာရရှိသည်။  ၎င်းရပ်ကွက်ရှိ ပြည်သူနေအိမ် (၂၇)လုံးလည်း ဗုံးစထိမှန်ပျက်စီးသွားခဲ့သည်။  ထိုအပြင် မိုင်းငေါ့မြို့ တာလုံရပ်ကွက်ရှိ စာသင်ကျောင်းအနီးတွင်လည်း ဂျက်ဖိုက်တာဖြင့် (၂)ကြိမ် ဗုံး(၄)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။


ညီနောင်မဟာမိတ် (၃)ဖွဲ့မှ ငလျင်ဒဏ်သင့်ပြည်သူများနှင့် လူသားချင်းစာနာထောက်ထားရေး လုပ်ငန်းများ ဆက် လက်ဆောင်ရွက်နိုင်ရေးအတွက် တိုက်ပွဲဖြစ်ပွားလျက်ရှိသောနေရာများတွင် ထိုးစစ်များကို ပြုလုပ်မည်မဟုတ်ဘဲ တစ်ဖက်သတ် အပစ်ရပ်ကာလအား နောက်ထပ် (၁)လ သက်တမ်းထပ်တိုးကြောင်း မေလ ၁ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။


စစ်ကောင်စီတပ်သည် ၂၀၂၅ ခုနှစ် မေလ ၆ ရက်နေ့မှ ၃၁ ရက်နေ့ထိ အပစ်ခတ်ရပ်စဲရေး သက်တမ်း (၁)လ ထပ်တိုးသော်လည်း တအာင်းပြည်အတွင်း မြေပြင်ထိုးစစ်ဆင်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်း၊ ဒရုန်းနှင့် လေကြောင်းဖြင့် နေ့စဉ်အသုံးပြုတိုက်ခိုက်လျက်ရှိသည်။ 


မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်မှ အပစ်ရပ်သက်တမ်း (၁)လတိုးထားသော်လည်း နေ့စဉ်ဗုံးကြဲတိုက်ခိုက်မှုများရှိသောကြောင့် စစ်ကောင်စီတပ်၏ လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုရန်မှ ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်သည်။


#PSLF/TNLA

#သတင်းနှင့်ပြန့်ကြားရေးဌာန

Topics: စစ်ကောင်စီတပ်မှ မိုးကုတ်မြို့နှင့် နောင်ချိုမြို့တွင် လေကြောင်းဖြင့် ပေါင် (၅၀၀)ဗုံး လာရောက်ကြဲချတိုက်ခိုက်၊ နေအိမ်(၇)လုံးပျက်စီးဆုံးရှုံး
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်