မန်တုံတွင်သက်တမ်းကုန်နေသည့် စားသောက်ကုန်ပစ္စည်းများကို PSLF/TNLAမှ စစ်ဆေးမှုပြုလုပ်ခဲ့
မန်တုံ၊ မေလ ၂၀ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၃)နယ်မြေ၊ မန်တုံမြို့အတွင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၏ မန်တုံမြို့စီမံအုပ်ချုပ်ရေးကော်မတီမှ သက်တမ်းကုန်နေသည့် စားသောက်ကုန်ပစ္စည်းများကို လိုက်လံစစ်ဆေးမှုပြုလုပ်ခဲ့သည်။
ထိုစစ်ဆေးမှုကို မြို့စီမံအုပ်ချုပ်ရေးကော်မတီမှ မေလ (၁၈)ရက်တွင် မြို့တွင်းရှိ ဆိုင်များကို လိုက်လံစစ်ဆေးခဲ့ပြီး သက်တမ်းကုန်နေသည့်ပစ္စည်းများကိုလည်း စစ်ဆေးတွေ့ရှိခဲ့ပါသည်။
အဆိုပါ စစ်ဆေးတွေ့ရှိထားသည့် ပစ္စည်းများကိုလည်း သိမ်းဆည်းသွားခဲ့ပြီး မီးရှို့ဖျက်စီးပစ်ခဲ့ပါသည်။ ပြီးခဲ့သည့် ဧပြီလည်း ၎င်းကော်မတီမှ မြို့တွင်းရှိ ဆေးဆိုင်များတွင် သက်တမ်းကုန်ဆုံးသည့် ဆေးဝါးများကိုလည်း လိုက်လံစစ်ဆေးမှုပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
အလားတူ ပြီးခဲ့သည့် မေလ (၁၂)ရက်လည်း နမ့်ခမ်းခရိုင်၊ မိုင်းဝီးမြို့အတွင်း မြို့စီမံအုပ်ချုပ်ရေးကော်မတီမှသက်တမ်းကုန်ဆုံးနေသည့် ဆေးဝါးနှင့် စားသောက်ကုန်ပစ္စည်းများကို လိုက်လံစစ်ဆေးမှုပြုလုပ်ခဲ့သည်။
ထိုစစ်ဆေးမှုပြုလုပ်ရခြင်းသည် မိဘပြည်သူများမှ သက်တမ်းကုန်ဆုံးနေသည့် ဆေးနှင့် စားသောက်ကုန်ပစ္စည်းများကို မဝယ်မိစေရန်နှင့်ရောင်းသူများကိုလည်း နောက်နောင်မရောင်းရန် ပထမဆုံးအနေဖြင့် သတိများပေးခဲ့ပါသည်။
ဆေးဆိုင်နှင့် စားသောက်ကုန်ရောင်းနေသည့်ဆိုင်များအနေဖြင့် သက်တမ်းကုန်နေသည့် ပစ္စည်းများကို ထပ်မံတင်သွင်းရောင်းချပါက ထိုပစ္စည်းများ၏ တန်ဖိုးအတိုင်း ပြန်လျော်ပေးရမည်ဖြစ်ပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ