1220

နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLAတို့ ဆက်လက်တိုက်ပွဲဖြစ်ပွား

ဒေသတွင်းသတင်း / ဒေသတွင်း
28 June 2025

နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLAတို့ ဆက်လက်တိုက်ပွဲဖြစ်ပွား


နောင်ချို၊ ဇွန်လ ၂၈ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ တပ်မဟာ(၃)နယ်မြေ၊ နောင်ချိုမြို့နယ်ရှိ လုံစံ၊ မျက်ချီးနု၊ လုံဝယ်၊ ဉာဏ်တော၊ နောင်လင်နှင့် နောင်အောကျေးရွာကြားတို့တွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLAတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံး (၄၅)လုံးနှင့် လက်နက်ကြီး (၃၂)လုံးတို့ကို ပစ်ကူတိုက်ခိုက်ခဲ့ပါသည်။


ဖြစ်စဥ်တွင် ယမန်နေ့၌ နောင်လင်နှင့် နောင်အောကျေးရွာကြားတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLAတို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေချိန်အတွင်း စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံး (၂၀)လုံးနှင့် လက်နက်ကြီး (၃၁)လုံးပစ်ခတ်တိုက်ခိုက်ခဲ့သည်။ 


အလားတူ လုံစံကျေးရွာတွင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်းလည်း စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံး (၂)လုံး လာရောက်ကြဲချခဲ့ပါသည်။ ထိုအပြင် မျက်ချီးနု၊ လုံဝယ်နှင့် လုံစံကျေးရွာတွင်လည်း  စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံး (၂၂)လုံး လာရောက်ကြဲချတိုက်ခဲ့ပါသည်။


စစ်ကောင်စီတပ်သည် ဉာဏ်တောကျေးရွာဘက်လည်း ဂျက်ဖိုက်တာဖြင့် ပေါင်(၅၀၀) ဗုံး (၁)လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အုမ္မခါးကျေးရွာဘက်လည်း လက်နက်ကြီး (၁)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။


ပြီးခဲ့သည့် ဇွန်လ (၂၆)ရက်နေ့လည်း နောင်ချိုမြို့နယ်ရှိ နောင်ဖာ၊ ဉာဏ်တော၊ လုံစံ၊ အုမ္မခါးနှင့် နောင်လင်ကျေးရွာတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLAတို့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်မှ လက်နက်ကြီး (၇၀)လုံးနှင့် ဒရုန်းဖြင့် ဗုံး (၃၂)လုံးတို့ကို ပစ်ကူတိုက်ခိုက်ခဲ့ပါသည်။


ညီနောင်မဟာမိတ်(၃)ဖွဲ့မှ ငလျင်ဒဏ်သင့်ပြည်သူများနှင့် လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် တိုက်ပွဲဖြစ်ပွားလျက်ရှိသောနေရာများတွင် ထိုးစစ်ဆင်များပြုလုပ်မည်မဟုတ်ဘဲ တစ်ဖက်သတ်အပစ်ရပ်ကာလအား နောက်ထပ်(၁)လသက်တမ်းထပ်တိုးထားနေစဉ် စစ်ကောင်စီတပ်မှ အခွင့်ကောင်းယူပြီး အဆက်မပြတ်ထိုးစစ်ဆင်နေသောကြောင့် နောင်ချိုမြို့နယ်တွင် တိုက်ပွဲများမကြာခဏ ဖြစ်ပွားလျှက်ရှိသည်။


ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများလိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLAတို့ ဆက်လက်တိုက်ပွဲဖြစ်ပွား
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်