တအာင်းပြည်တွင် ဇွန်လအတွင်း စစ်ကောင်စီတပ်၏ လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူလူထု (၅)ဦး သေဆုံး၊ (၃၂)ဦး ထိခိုက်ဒဏ်ရာရ
တအာင်းပြည်၊ ဇူလိုင်လ ၂ရက်
တအာင်းပြည်တွင် ဇွန်လတစ်လအတွင်း နောင်ချို၊ နမ္မတူ၊ ကျောက်မဲနှင့် မိုးကုတ်မြို့နယ်တို့တွင် စစ်ကောင်စီတပ်မှ လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူလူထု (၅)ဦး သေဆုံးခဲ့ပြီး (၃၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၇၅)လုံး၊ စာသင်ကျောင်း (၄)ကျောင်းနှင့် ဘုန်းကြီးကျောင်း (၄)ကျောင်းထိမှန်ပျက်စီးသွားခဲ့သည်။
ပြီးခဲ့သည့် ဇွန်လ (၄)ရက်နေ့တွင် စစ်ကောင်စီတပ်မှ နောင်ချိုမြို့၊ ဈေးရပ်ကွက်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသား (၄)ဦး ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၂)လုံးလည်း ထိမှန်ပျက်စီးသွားခဲ့သည်။
အလားတူ ဇွန်လ (၁၀)ရက်နေ့လည်း နောင်ချိုမြို့နယ်၊ လုံဝယ်ကျေးရွာတွင် စစ်ကောင်စီတပ်မှ ဟောင်ဝေဇာဖြင့် လက်နက်ကြီး ပစ်ခတ်လိုက်သောကြောင့် အမျိုးသား (၁)ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပါသည်။ ထိုအပြင် ဇွန်လ (၁၂)ရက်နေ့လည်း နမ္မတူမြို့နယ်၊ မန်လီကျေးရွာတွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် နေအိမ် (၁)လုံး၊ ဘုန်းကြီးကျောင်း (၁)ကျောင်းနှင့် စာသင်ကျောင်း (၁)ကျောင်းအပြင်ပြည်သူလူထုများ၏ နေအိမ်တချို့လည်းထိခိုက်ပျက်စီးသွားခဲ့သည်။
ပြီးခဲ့သည့် ဇွန်လ (၁၆)ရက်နေ့လည်း နောင်ချိုမြို့နယ်၊ ဆမ္မဆယ်ကျေးရွာတွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူလူထု (၂)ဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပါသည်။ ထိုနောက် စစ်ကောင်စီတပ်သည် နောင်ချိုမြို့အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဟောင်ဝေဇာဖြင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်သောကြောင့် နေအိမ် (၂)လုံး ထိမှန်ပျက်စီးဆုံးရှုံးသွားခဲ့သည်။
ကျောက်မဲမြို့အတွင်းလည်း ပြီးခဲ့သည့် ဇွန်လ (၂၄)ရက်နေ့နှင့် (၂၉)ရက်နေ့တွင် စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမှရှိဘဲ ပြည်သူလူထုများကိုဦးတည်၍ ဂျက်ဖိုက်တာဖြင့် ဗုံးလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသား (၁)ဦးနှင့် အမျိုးသမီး (၄)ဦးတို့ သေဆုံးခဲ့ရပြီး အမျိုးသား (၁၃)ဦး၊ ကလေး(၃)ဦးနှင့် အမျိုးသမီး(၇)ဦးတို့ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် (၆၅)လုံး၊ ဘုန်းကြီးကျောင်း (၂)ကျောင်းနှင့် စာသင်ကျောင်း (၃)ကျောင်း ထိခိုက်ပျက်စီးသွားခဲ့သည်။
အလားတူ ဇွန်လ (၂၅)ရက်လည်း မိုးကုတ်မြို့၊ အုန်းကိုင်းရပ်ကွက်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးလာရောက်ကြဲချတိုက်ခိုက်ခဲ့သောကြောင့် ကလေးငယ် (၁)ဦးနှင့် အမျိုးသား (၁)ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်(၅)လုံး၊ ဘုန်းကြီးကျောင်း (၁)ကျောင်း၊ ပြည်သူလူထုများ၏ နေအိမ်တချို့လည်း ထိခိုက်ပျက်စီးသွားခဲ့သည်။
ပြီးခဲ့သည့် မေလတစ်လအတွင်း အပစ်ရပ်ထားသည့် စစ်ကောင်စီတပ်မှ နောင်ချို၊ မိုးကုတ်၊ ကျောက်မဲ၊ မိုင်းငေါ့၊ မိုင်းလုံနှင့် မန်တုံမြို့နယ်တို့တွင် လေကြောင်းဖြင့် (၂၆)ကြိမ်၊ လက်နက်ကြီး (၇၇၆) လုံး၊ ဒရုန်းဖြင့် ဗုံး (၃၂၉)လုံးနှင့် အဆိပ်ငွေ့ဗုံး (၁၁၄)လုံးတို့ကို ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူလူထု (၈)ဦး သေဆုံးပြီး (၁၈)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် နေအိမ်အများအပြား ထိမှန်ပျက်စီးသွားခဲ့ပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ