မိုးကုတ်မြို့တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ထပ်မံဗုံးကြဲချတိုက်ခိုက်မှုကြောင့် ပြည်သူလူထု (၈)ဦးသေဆုံး၊ (၇)ဦး ထိခိုက်ဒဏ်ရာရ
မိုးကုတ်၊ ဩဂုတ်လ ၁၅ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၄)နယ်မြေ၊ မိုးကုတ်မြို့အရှေ့ပိုင်းတွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးထပ်မံလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ပြည်သူလူထု (၈)ဦးသေဆုံးခဲ့ပြီး (၇)ဦး ဗုံးစထိမှန်ဒဏ် ရာရရှိခဲ့ပါသည်။
ယမန်နေ့ ည (၈း၃၀)နာရီအချိန်၌ မိုးကုတ်မြို့အရှေ့ပိုင်း၊ ရွှေကူရပ်ကွက်ရှိ လင်းရောင်ခြည်ဘုန်းကြီးကျောင်းအား စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ပေါင် (၅၀၀)ဗုံး (၁)လုံး လာရောက်ကြဲချခဲ့ပါသည်။ ထိုဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူလူထု (၈)ဦး သေဆုံးခဲ့ပြီး (၇)ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့်အပြင် နေအိမ် (၇)အိမ်လည်း ဗုံးစထိမှန်ပျက်စီးသွားခဲ့ပါသည်။
အလားတူ ပြီးခဲ့သည့် သြဂုတ်လ (၉)ရက်နေ့လည်း မိုးကုတ်မြို့အရှေ့ပိုင်းတွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးများထပ်မံလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် သာမဏေတစ်ပါးနှင့် ပြည်သူ လူထု (၄)ဦးသေဆုံးခဲ့ပြီး (၂)ဦးထိမှန်ဒဏ်ရာရရှိခဲ့ပါသည်
စစ်ကောင်စီတပ်သည် ယခုလအတွင်း လေကြောင်းဖြင့် မိုးကုတ်မြို့တွင် (၂) ကြိမ်၊ ကျောက်မဲမြို့နယ်တွင် (၁)ကြိမ်၊ သီပေါမြို့တွင် (၂)ကြိမ်ဖြင့် ဗုံးများကြဲချမှုကြောင့် ကလေး (၃)ဦး၊ သံဃာတော် (၂)ပါး၊ အမျိုးသမီး (၁)ဦးနှင့် အမျိုးသား (၁၁)ဦး သေးဆုံးခဲ့ရပြီး သံဃာတော် (၁) ပါး၊ အမျိုးသမီး (၅)ဦးနှင့် အမျိုးသား (၁၄)ဦး ထိခိုက်ဒဏ်ရာရှိကာ နေအိမ် (၂၆)အိမ်၊ စာသင်ကျောင်း (၁)ကျောင်း၊ ကား (၄)စီး၊ ဆိုင်ကယ် (၃)စီးတို့လည်း ထိမှန်ပျက်စီးခဲ့ပါသည်။
ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင် ရှားနိုင်ရန် စစ်ရေးသတိအမြဲ ရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ် ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ