မိုးကုတ်တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသား (၁)ဦး ထိမှန်ဒဏ်ရာရ
မိုးကုတ်၊ အောက်တိုဘာ ၁ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၄)နယ်မြေ၊ မိုးကုတ်မြို့အနောက်ပိုင်း၊ ရေထွက်ကြီးကျေးရွာတွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသား (၁)ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပါသည်။
ဖြစ်စဥ်တွင် ယနေ့ နံနက် (၁၀း၄၉)နာရီအချိန်၌ စစ်ကောင်စီတပ်မှ ပြည်သူလူထုများတည်ရှိရာကို ဦးတည်၍ ရည်ရွယ်ချက်ရှိရှိ ရေထွက်ကြီးကျေးရွာကို လေကြောင်းဖြင့် ပေါင် (၂၅၀)ဗုံး (၂)လုံး ကြဲချတိုက်ခိုက်ခဲ့သောကြောင့် အမျိုးသား (၁)ဦးထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၁)အိမ် ထိခိုက်ပျက်စီးသွားခဲ့သည်။
အလားတူ ပြီးခဲ့သည့် စက်တင်ဘာ (၂၇)ရက်နေ့လည်း ကျောက်မဲမြို့နယ်၊ နမ့်ဆော့ကျေးရွာတွင် စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းနှင့် လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသား (၁)ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပါသည်။
စစ်ကောင်စီတပ်သည် စက်တင်ဘာလအတွင်း လေကြောင်းဖြင့် ကျောက်မဲမြို့နယ်တွင် (၆)ကြိမ်၊ သီပေါမြို့နယ်တွင် (၁)ကြိမ်၊ မိုးကုတ်မြို့နယ်တွင် (၂)ကြိမ်နှင့် မိုင်းလုံမြို့နယ်တွင် (၁)ကြိမ် ဗုံးများလာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။
၎င်းဗုံးရောက်ပေါက်ကွဲမှုကြောင့် အမျိုးသား (၂)ဦးသေဆုံးပြီး အမျိုးသား (၂)ဦးနှင့် အမျိုးသမီး (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၄၀)အိမ်၊ စာသင်ကျောင်း (၁)ကျောင်း၊ ဘုန်းကြီးကျောင်း (၁)ကျောင်း၊ ကျောင်းဆောင် (၁)ဆောင်၊ အဆောက်အဦး (၁)လုံးနှင့် ကား (၁)စီး ဗုံးစထိမှန်ပျက်စီးသွားခဲ့ပါသည်။
ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေးသတိ အမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန



မှတ်ချက်များ