နမ္မတူမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၄)ဦး ထိမှန်ဒဏ်ရာရ
နမ္မတူ၊ အောက်တိုဘာ ၁၇ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၈)နယ်မြေ၊ နမ္မတူမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးများထပ်မံကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၄)ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပါသည်။
စစ်ကောင်စီတပ်သည် ယနေ့ နံနက် (၈း၂၈)နာရီအချိန်၌ နမ္မတူမြို့၊ အ.ထ.က (၁)ကျောင်းဝန်းကျင်တွင် ပြည်သူလူထုများတည်ရှိရာကို ဦးတည်၍ရည်ရွယ်ချက်ရှိရှိ ပေါင် (၂၅၀) ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၄)ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပြီး စာသင်ဆောင် (၂)ဆောင်နှင့် ပြည်သူလူထုနေအိမ်တို့ ထိခိုက်ပျက်စီးသွားခဲ့သည်။
အလားတူ စစ်ကောင်စီတပ်သည် နမ့်ဆန်မြို့နယ်၊ ဟိုမိန်းကျေးရွာကို လေကြောင်းဖြင့် ဗုံးများကြဲချတိုက်ခိုက်ခဲ့ပြီး သေဆုံးထိခိုက်မှုအခြေအနေများကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပါသည်။
ယခုလ အောက်တိုဘာ (၁)ရက်နေ့မှ (၁၆)ရက်နေ့အထိ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် မန်တုံမြို့တွင် (၁)ကြိမ်၊ ကျောက်မဲမြို့တွင် (၃)ကြိမ်၊ သီပေါမြို့တွင် (၅)ကြိမ်၊ မိုင်းငေါ့မြို့တွင် (၁)ကြိမ်၊ မိုင်းလုံမြို့တွင် (၄)ကြိမ်၊ နမ့်ဆန်မြို့တွင် (၃)ကြိမ်၊ နမ္မတူမြို့တွင် (၄)ကြိမ်၊ မိုးမိတ်မြို့တွင် (၃)ကြိမ်နှင့် မိုးကုတ်မြို့တွင် (၁)ကြိမ်တို့ စုစုပေါင်း (၂၅)ကြိမ် လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။
ထိုဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ကလေး (၇)ဦး၊ အမျိုးသား (၁၀)ဦး၊ အမျိုးသမီး (၁၂)ဦးသေဆုံးခဲ့ပြီး ကလေး (၁၁)ဦး၊ အမျိုးသား (၁၄)ဦး၊ အမျိုးသမီး (၁၁)ဦးတို့ ထိခိုက်ဒဏ်ရာရှိခဲ့ကာ နေအိမ် (၁၀၈)အိမ်၊ စာသင်ကျောင်း (၃)ကျောင်း၊ ဘုန်းကြီးကျောင်း (၂)ကျောင်း၊ ကျောင်းဆောင် (၄)ဆောင်နှင့် အဆောက်အဦး (၄)ခုတို့ ထိမှန်ပျက်စီးသွားခဲ့သည်။
ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေးသတိ အမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။
စစ်ကောင်စီတပ်သည် တအာင်းပြည်အတွင်းသာမက တိုင်းရင်းသားလက်နက်ကိုင်များ၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တို့မှ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သောနေရာများတွင် လူဖြင့်သော်လည်း ကောင်း၊ လက်နက်ကြီးဖြင့်သော်လည်းကောင်း၊ ဒရုန်းဖြင့်သော်လည်းကောင်း၊ လေကြောင်းဖြင့်သော် လည်း အပြစ်မဲ့ပြည်သူလူထုများအပေါ် စစ်ရာဇဝတ်မှုကျူးလွန်နေလျက်ရှိပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ