PSLF/TNLA အလုပ်သင် ဗိုလ်သင်တန်း အပတ်စဉ် (၅) သင်တန်းဆင်းပွဲပြုလုပ်ကျင်းပခဲ့
တအာင်းပြည်၊ ဇန်နဝါရီလ ၁၂ ရက်
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး- PSLF/TNLA အလုပ်သင် ဗိုလ်သင်တန်း (Ta’ang Army Officer Training - TAOT) အပတ်စဉ်(၅)သင်တန်းဆင်းပွဲကို တအာင်းပြည် တစ်နေရာတွင် ၂၀၂၅ခုနှစ် ဇန်နဝါရီလ(၁၁)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် PSLF/TNLA ဒုဥက္ကဌဒုဗိုလ်ချုပ်ကြီး တားခူရ်လာင်မှ ဗိုလ်သင်တန်းဆင်း ကျောင်းသားများအား ဂုဏ်ယူလေးစားအပ်ကြောင်း၊ မိဘပြည်သူများကို ချစ်ရမည်၊မိဘပြည်သူရှိမှ စစ်တပ်ရှိသည့်အတွက်ကြောင့် မိဘပြည်သူများကိုကာကွယ်စောင့်ရှောက်သွားရန်၊လက်ရှိ အရာရှိအဖြစ် တာဝန်ထမ်းဆောင်သွားမည့် အရာရှိလောင်းများအနေဖြင့် မိမိတာ၀န်ထမ်းဆောင်ရမည့် ဌာနဆိုင်ရာများတွင် အကောင်းဆုံးဖြင့် ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။





မိဘပြည်သူများ၏ မေတ္တာစေတနာနှင့် ကူညီထောက်ပံ့ခဲ့သည့်အတွက်ကြောင့် တိုက်ပွဲတွင် အောင်ပွဲအလီလီရရှိခဲ့ပြီး မိမိတို့နယ်မြေများ ပြန်လည်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် မိမိတို့ ရည်မှန်းချက် ရာနှုန်းပြည့် အောင်မြင်နိုင်ရန် မိဘပြည်သူများနှင့်အတူ ရဲဘော်များ၏ အင်အားဖြင့် ဆက်လက်ချီတက်ရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

PSLF/TNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ် တားဟိုပ္လါင် မှ "အလုပ်သင်ဗိုလ်သင်တန်းကျောင်းဆင်းများသည် လက်ရှိ တအာင်းပြည်၏ စစ်ရေးနိုင်ငံရေး၊အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် အခြားလုပ်ငန်းဌာနများ၌ တာဝန်ထမ်းဆောင်ရာတွင် တအာင်းပြည်ကြီး ဖွံ့ဖြိုးတိုးတက်ပြီး သာယာဝပြောစေရန် ယခုသင်တန်းဆင်းသည့် အရာရှိများ၏ လက်ထဲတွင်ရှိကြောင်း မည်သည့်နေရာ ဌာနတွင်မဆို ကျရာတာဝန်ကို စနစ်တကျ တိုးတက်အောင်ဆောင်ရွက်ကြရန်" တိုက်တွန်းခဲ့သည်။
"ရန်သူကို တအာင်းမြေမှ တိုက်ထုတ်နိုင်ခဲ့ပြီး တအာင်းပြည်ရဲ့ အုပ်ချုပ်ရေးယန္တရားများအား တာဝန်ယူရတော့မည့်အချိန်ဖြစ်ကြောင်း တရားဥပဒေစိုးမိုးရေး၊ တရားစီရင်ရေးလုပ်ငန်းများ၊ ကာကွယ်ရေးလုပ်ငန်းများ ယခင်ထက် ပိုမိုလုပ်ဆောင်ကြရမည်ဖြစ်ပြီး မိဘပြည်သူများ အန္တရာယ်အတွင်း မကျရောက်စေရန် မိမိတို့အဖွဲ့အစည်းတွင် တာဝန်ရှိကြောင်း ပြောကြားသွားခဲ့သည်။
တာဝန်ထမ်းဆောင်ကြသည့် အရာရှိအရာခံများသည် စစ်ရေး၊ နိုင်ငံရေးနှင့် အခြားအုပ်ချုပ်ရေးကဏ္ဍများကို တတ်ကျွမ်းရန် လိုအပ်ကြောင်း အဆိုပါ အရေးများ သိကျွမ်းနားလည်မှသာလျှင် မိဘပြည်သူများအား ကောင်းမွန်စွာ ကာကွယ်စောင့်ရှောက်နိုင်မည်ဖြစ်ကြောင်း" ဖြစ်သည်။
သင်တန်းဆင်းပွဲအခမ်းအနားတွင် နံနက် (၉း၀၀)နာရီမှ (၁၂း၀၀)နာရီအထိ ပြုလုပ်ခဲ့ပြီး အခမ်းအနားတွင် အလုပ်သင်ဗိုလ်သင်တန်းမှ ကျောင်းသားများအား ဘက်စုံထူးချွန်ဆု၊ စာပေထူးချွန်ဆုနှင့် စစ်ရေးဆိုင်ရာ ထူးချွန်ဆု စသည့်ဆုများကိုလည်း ပေးအပ်ချီးမြှင့်ခဲ့သည်။
TAOT အပတ်စဉ်(၅)သည် သင်တန်းကာလ (၁၃)လ ကြာမြင့်ခဲ့ပြီး သင်တန်းသား (၁၄၀) အနက်
(၁၂၂)ဦး တက်ရောက်အောင်မြင်ခဲ့ကြသည်။
အခမ်းအနားသို့ PSLF/TNLA၏ ဒုဥက္ကဌ ဒုဗိုလ်ချုပ်ကြီး တားခူရ်လာင်၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ် တားဟိုပ္လါင်၊ စစ်ဦးစီးအရာရှိချုပ် တားနောရိူန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရှမ်း၊ ကချင်၊ လီဆူ လူမျိုးများနှင့် အရာရှိ/အရာခံများ သင်တန်းသားများနှင့် ရပ်မိရပ်ဖများ လူဦးရေ(၈၀၀)ကျော် တက်ရောက်ခဲ့သည်။
ယခင် အလုပ်သင်ဗိုလ်သင်တန်းဆင်းခဲ့သော စစ်သည်တော်များသည် ၁၀၂၇ Operation မြို့သိမ်းကာလအတွင်း ၎င်းတို့လည်း ပူပေါင်းပါ၀င်တိုက်ပွဲဆင်နွဲခဲ့သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ