နမ့်ဆန်မြို့နယ်တွင် လက်ဖက်စိုက်ပျိုးတောင်သူများ ရွှေဖီလက်ဖက် စျေးကောင်းရရှိနေ
နမ့်ဆန်၊ ဧပြီ ၁၂ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ နမ့်ဆန်ခရိုင်၊ နမ့်ဆန်မြို့နယ်တွင် ယခုနှစ် ရွှေဖီလက်ဖက်ရာသီအတွင်း လက်ဖက်စိုက်ပျိုးတောင်သူများအနေဖြင့် လက်ဖက်စျေးနှုန်းများ တိုးတက်လာခြင်းကြောင့် စျေးကောင်းရရှိနေပါသည်။

လက်ရှိတွင် ရွှေဖီလက်ဖက်စို တစ်ပိဿာလျှင် (၅၂၀၀) ကျပ်အထိ ရရှိနေပြီး ရွက်စိမ်းလက်ဖက် တစ်ပိဿာလျှင် (၄၇၀၀) ကျပ်အထိ စျေးကောင်းရရှိနေပါသည်။ ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက စျေးနှုန်းများ သိသိသာသာ မြင့်တက်လာခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ်တွင် ရွှေဖီလက်ဖက်စို တစ်ပိဿာလျှင် (၃၄၀၀) ကျပ်မှ (၄၀၀၀) ကျပ်အတွင်းသာရှိခဲ့ကာ ရွက်စိမ်းလက်ဖက်မှာလည်း (၂၂၀၀) ကျပ်မှ (၃၀၀၀) ကျပ်အတွင်းသာ ရောင်းဝယ်ခဲ့ရသည်။

စျေးနှုန်းတိုးတက်လာမှုကြောင့် လက်ဖက်တောင်သူများအနေဖြင့် ဝင်ငွေတိုးတက်လာမည့် မျှော်လင့်ချက်များ ရှိနေသော်လည်း ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝအခြေအနေ မတည်ငြိမ်မှုများကြောင့် လက်ဖက်အထွက်နှုန်း လျော့နည်းနိုင်သည့် စိန်ခေါ်မှုများကိုလည်း တပြိုင်နက်တည်း ရင်ဆိုင်နေရသည်။

ထို့ကြောင့် လက်ဖက်စျေးကောင်းရရှိနေသည့် အခြေအနေကို အကျိုးရှိစွာ အသုံးချနိုင်ရန် တောင်သူများအနေဖြင့် လက်ဖက်ညွန့်များကို အချိန်မီ ခူးဆွတ်ခြင်းနှင့် အရည်အသွေးထိန်းသိမ်းခြင်းတို့ကို အထူးဂရုပြု ဆောင်ရွက်ရန် လိုအပ်ပါသည်။

လက်ဖက်မြို့တော်အဖြစ် တင်စားခေါ်ဝေါ်လေ့ရှိသော နမ့်ဆန်မြို့သည် လက်ဖက်စိုက်ပျိုးရေးနှင့် ခိုင်မာစွာ ဆက်နွယ်နေသော ဒေသတစ်ခုဖြစ်ပြီး ဒေသခံပြည်သူလူထုများသည် ဘိုးဘွားစဉ်ဆက်ကပင် လက်ဖက်စိုက်ပျိုးရေးလုပ်ငန်းကို အဓိက အသက်မွေးဝမ်းကျောင်းအဖြစ် လုပ်ကိုင်လာသည်မှာ ယနေ့ထိတိုင် ဒေသစီးပွားရေး၏ အခြေခံအင်အားတစ်ရပ်အဖြစ် ဆက်လက်တည်တံ့နေသည့် မြို့နယ်တစ်ခုလည်း ဖြစ်ပါသည်။


Website Official
www.taangland.org
Telegram Official Channel
https://t.me/taangtv2023
YouTube Official
https://www.youtube.com/@pslftnlanews
Telegram Link – Ta’ang TV
https://t.me/TaangTV
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ