1875

သမိုင်းဝင်တောင်ရိုးဘုရားစေတီကုန်းပေါ်တွင် နမ့်ဆန်မြို့ရှိ PSLF/TNLA ဌာနဆိုင်ရာများမှ ပူးပေါင်း၍ သစ်ပင်၊ ပန်းပင်များ သွားရောက်စိုက်ပျိုး

ဒေသတွင်းသတင်း / ဒေသတွင်း
17 May 2026

သမိုင်းဝင်တောင်ရိုးဘုရားစေတီကုန်းပေါ်တွင် နမ့်ဆန်မြို့ရှိ PSLF/TNLA ဌာနဆိုင်ရာများမှ ပူးပေါင်း၍ သစ်ပင်၊ ပန်းပင်များ သွားရောက်စိုက်ပျိုး


နမ့်ဆန်မြို့၊ မေလ ၁၇ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ နမ့်ဆန်ခရိုင်၊ နမ့်ဆန်မြို့နယ်ရှိ သမိုင်းဝင်တောင်ရိုးဘုရားစေတီကုန်းပေါ်တွင် PSLF/TNLA ၏ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ မေလ (၁၅) ရက် ကဆုန်လကွယ်နေ့တွင် သစ်ပင်နှင့် ပန်းပင်ပေါင်း (၁၀၀၀) ကျော်ကို စိုက်ပျိုးခဲ့ကြသည်။


အဆိုပါ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးလုပ်ငန်းစဉ်အတွင်း စိန်ပန်းပင်၊ ချယ်ရီပင်နှင့် ဂန့်ကော်ပန်းပင်များကို အဓိကစိုက်ပျိုးခဲ့ပြီး ဒေသ၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ ပိုမိုစိမ်းလန်းလှပလာစေရန် ရည်ရွယ်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။


ထို့ပြင် စိုက်ပျိုးထားသည့် အပင်များကို အိမ်မွေးတိရစ္ဆာန်များ၏ ဖျက်ဆီးမှုမှ ကာကွယ်နိုင်ရန်အတွက် အပင်များ၏ ပတ်ပတ်လည်တွင် အကာအရံများကိုလည်း ပြုလုပ်ပေးထားခဲ့သည်။ အဆိုပါ စိုက်ပျိုးရေးလုပ်ငန်းတွင် ဒေသခံမိဘပြည်သူများလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည်။


အဆိုပါ သစ်ပင်နှင့် ပန်းပင်များစိုက်ပျိုးရေးလုပ်ငန်းတွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၏ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်လည်း လာရောက်စိုက်ပျိုးခဲ့ပြီး ဌာနဆိုင်ရာဝန်းထမ်းများနှင့် ပြည်သူလူထုများအပါအဝင် စုစုပေါင်း လူဦးရေ (၂၀၀)ဦးကျော် ပူးပေါင်းဆောင်ရွက်စိုက်ပျိုးခဲ့ကြသည်။


ဆက်လက်၍ ဒေသအတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးနှင့် အရိပ်ရသစ်ပင်များ တိုးပွားလာစေရန် ရည်ရွယ်၍ ချယ်ရီ၊ ကံ့ကော်၊ ခရေ၊ စိန်ပန်းပြာ၊ ဆောင်းခိုပန်း၊ ရေသင်းဝင်၊ ငုဝါ၊ ငုရွှေ၊ ငုစပ်၊ သပြေဘူတ၊ ပိတောက်၊ အုန်းပွါးနှင့် အာကျုံလမ်းတို့အပါအဝင် သစ်ပင်နှင့် ပန်းပင်များကို PSLF/TNLA မှ ဦးဆောင်၍ ဆက်လက်စိုက်ပျိုးသွားမည်ဖြစ်သည်။


အဆိုပါ သစ်ပင်နှင့် ပန်းပင် စိုက်ပျိုးရေးလုပ်ငန်းများကို နမ့်ဆန်မြို့နယ်တွင် အပင်ပေါင်း (၁၅,၂၇၀) ပင်၊ မန်တုံမြို့နယ်တွင် (၆,၉၀၀) ပင်နှင့် နမ္မတူမြို့နယ်တွင် (၁၂,၃၁၀) ပင် စိုက်ပျိုးသွားမည်ဖြစ်ပါသည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြာရေးဌာန

Topics: သမိုင်းဝင်တောင်ရိုးဘုရားစေတီကုန်းပေါ်တွင် နမ့်ဆန်မြို့ရှိ PSLF/TNLA ဌာနဆိုင်ရာများမှ ပူးပေါင်း၍ သစ်ပင်၊ ပန်းပင်များ သွားရောက်စိုက်ပျိုး
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်