အိမ်မွေးတိရစ္ဆာန်များ အစုလိုက်အပြုံလိုက် သေဆုံးနေမှုများနှင့်ပတ်သက်၍ အထူးသတိပြုကြရန် တအာင်းပြည်ကျန်းမာရေးကောင်စီ THC မှ နှိုးဆော်တိုက်တွန်း
နမ့်ဆန်၊ မေလ ၁၉ရက်
တအာင်းပြည်သတင်း
တအာင်းပြည်အတွင်း နေထိုင်ကြသော မိဘပြည်သူများအနေဖြင့် မိမိတို့နေထိုင်ရာ ကျေးရွာများနှင့် အနီးပတ်ဝန်းကျင်များတွင် ကြက်၊ ဝက် အစရှိသည့် အိမ်မွေးတိရစ္ဆာန်များ အစုလိုက်အပြုံလိုက် ရုတ်တရက် သေဆုံးမှုများ ဖြစ်ပွားနေပါက အထူးသတိပြုကြရန်နှင့် နီးစပ်ရာ ကျန်းမာရေးဌာနများသို့ အမြန်ဆုံး သတင်းပေးပို့ကြရန် တအာင်းပြည်ကျန်းမာရေးကောင်စီ (Ta'ang Land Health Council - THC) မှ တိုက်တွန်းနှိုးဆော်ထားပါသည်။

ထို့ပြင် ကလေးငယ်များအပါအဝင် လူအများအပြားတွင် တူညီသော ရောဂါလက္ခဏာများဖြင့် အစုလိုက်အပြုံလိုက် (၅ ဦးနှင့် အထက်) နာမကျန်းဖျားနာခြင်း၊ ပုံမှန်မဟုတ်သော ကျန်းမာရေးဆိုင်ရာ ဖြစ်စဉ်များ ဖြစ်ပွားခြင်းတို့ကို တွေ့ရှိပါက သက်ဆိုင်ရာ ကျန်းမာရေးဌာနများထံ ချက်ချင်းအသိပေးအကြောင်းကြားကြရန် THC မှ အသိပေးထားသည်။
အဆိုပါ အစုလိုက်အပြုံလိုက် သေဆုံးနေသည့် တိရစ္ဆာန်များနှင့် ပတ်သက်၍ မိဘပြည်သူများအနေဖြင့် သေဆုံးနေသော ကြက်၊ ဝက်များကို သွားရောက်ကိုင်တွယ်ခြင်း၊ ချက်ပြုတ်စားသောက်ခြင်းနှင့် ရောင်းချခြင်းများကို လုံးဝမပြုလုပ်ကြရန် အထူးလိုအပ်ပါသည်။ သေဆုံးသွားသော တိရစ္ဆာန်များကို စွန့်ပစ်ဖျက်ဆီးရာတွင်လည်း နှာခေါင်းစည်း၊ လက်အိတ် အစရှိသည့် အကာအကွယ်ပစ္စည်းများကို စနစ်တကျ အသုံးပြုကာ မြေမြှုပ်ဖျက်ဆီးကြရန် THC မှ အကြံပြုထားပါသည်။
တအာင်းပြည်ကျန်းမာရေးကောင်စီ (THC) အနေဖြင့် ကူးစက်ရောဂါများ ကြိုတင်ကာကွယ်နိုင်ရေးနှင့် မိဘပြည်သူများ၏ ကျန်းမာရေးလုံခြုံမှုကို ထိန်းသိမ်းနိုင်ရေးအတွက် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ