1879

“ဆငည်းဟိုက်ဇိုက်ဇား” သီချင်းဖန်တီးခဲ့သူ တေးရေးဆရာ တားမြတ်ထွန်း ကွယ်လွန်

ဒေသတွင်းသတင်း / ဒေသတွင်း
19 May 2026

“ဆငည်းဟိုက်ဇိုက်ဇား” သီချင်းဖန်တီးခဲ့သူ တေးရေးဆရာ တားမြတ်ထွန်း ကွယ်လွန်


နမ့်ဆန်၊ မေလ ၁၉ ရက်

တအာင်းပြည်သတင်း

 

တအာင်းလူမျိုးများကြား ထင်ရှားကျော်ကြားသည့် “ဆငည်းဟိုက်ဇိုက်ဇား” သီချင်းကို ဖန်တီးရေးသားခဲ့သူ အသက် (၇၇) နှစ်အရွယ် တေးရေးဆရာ တားမြတ်ထွန်းသည် ပြီးခဲ့သည့် မေလ (၁၈) ရက်နေ့ ည (၉း၄၅) နာရီအချိန်တွင် လားရှိုးမြို့နယ်၊ ခေးနင်းကျေးရွာရှိ ၎င်း၏နေအိမ်၌ လူကြီးရောဂါဖြင့် ကွယ်လွန်အနိစ္စရောက်ရှိသွားခဲ့ကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။


 

တေးရေးဆရာ တားမြတ်ထွန်းသည် တအာင်းအမျိုးသား စည်းလုံးညီညွတ်ရေးကို နှိုးဆော်အားပေးသည့် “ဆငည်းဟိုက်ဇိုက်ဇား” သီချင်းကို ဖန်တီးရေးသားခဲ့သူဖြစ်ပြီး ယင်းသီချင်းသည် တအာင်းလူမျိုးများ၏ ရင်ထဲတွင် စွဲမြဲနေသည့် သီချင်းတစ်ပုဒ်အဖြစ် ယနေ့ထိတိုင် လူသိများထင်ရှားလျက်ရှိသည်။ တအာင်းတေးဂီတဖျော်ဖြေပွဲများနှင့် အခမ်းအနားများတွင်လည်း အဆိုပါသီချင်းကို အမြဲသီဆိုလေ့ရှိကြပါသည်။


 

ထို့ပြင် တားမြတ်ထွန်းသည် ဂီတအပေါ် အနုပညာဆန်သော ခံစားချက်များ၊ အသံစွမ်းအားကောင်းမွန်မှုနှင့် ပရိသတ်များအပေါ် ရိုးသားပွင့်လင်းသည့် ဆက်ဆံရေးများကြောင့် လူသိများခဲ့သူတစ်ဦးဖြစ်ပြီး မကွယ်လွန်မီအချိန်အထိ လားရှိုးမြို့နယ် တအာင်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့၏ နာယကအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည်။ ထို့အပြင် ၎င်း၏ ဘဝသက်တမ်းတစ်လျှောက် တအာင်းအမျိုးသားရေးအတွက် တတ်စွမ်းသမျှ အားထုတ်ဆောင်ရွက်ပေးခဲ့သည့်အပေါ် မိမိတို့အနေဖြင့်လည်း ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။

 

အဆိုပါ ကွယ်လွန်သွားသည့် တေးရေးဆရာ တားမြတ်ထွန်း၏ ဈာပနအခမ်းအနားကို မေလ (၂၂) ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။

 

တေးရေးဆရာ တားမြတ်ထွန်း ကွယ်လွန်သွားခဲ့သော်လည်း ၎င်းဖန်တီးရေးသားခဲ့သည့် “ဆငည်းဟိုက်ဇိုက်ဇား” သီချင်းသည် တအာင်းလူမျိုးများ၏ ရင်ထဲတွင် ဆက်လက်ရှင်သန်နေဦးမည်ဖြစ်ပြီး တအာင်းဂီတလောကအတွက်လည်း အမှတ်တရအမွေအနှစ်တစ်ခုအဖြစ် ကျန်ရှိနေမည်ဖြစ်သည်။ ထို့အပြင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အနေဖြင့်လည်း ကျန်ရစ်သူ မိသားစုဝင်များနှင့် ထပ်တူ အထူးဝမ်းနည်းကြေကွဲရပါကြောင်း ဖော်ပြအပ်ပါသည်။

 

#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: “ဆငည်းဟိုက်ဇိုက်ဇား” သီချင်းဖန်တီးခဲ့သူ တေးရေးဆရာ တားမြတ်ထွန်း ကွယ်လွန်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်