ပြည်သူများ၏ သွားလာရေးနှင့် ကုန်စည်ပို့ဆောင်ရေး ပိုမိုကောင်းမွန်စေရန် နမ္မတူ–မန်တုံ လမ်းပိုင်းအချို့ကို ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်
နမ္မတူ၊ ဇူလိုင် ၂၄ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ မန်တုံခရိုင်အတွင်းရှိ နမ္မတူ–မန်တုံ ဆက်သွယ်ရေးလမ်းကြောင်းတွင် ပျက်စီးယိုယွင်းနေသည့် လမ်းပိုင်းအချို့ကို ပြည်သူများ၏ သွားလာရေးနှင့် ကုန်စည်သယ်ယူပို့ဆောင်ရေး ပိုမိုလွယ်ကူချောမွေ့စေရန် ရည်ရွယ်၍ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ လမ်းတံတားနှင့် တည်ဆောက်ရေးဦးစီးဌာနမှ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် တည်ဆောက်ပြီးစီးခဲ့သည်။

အဆိုပါ နမ္မတူ–မန်တုံ ကားလမ်းမကြီး၏ ပျက်စီးနေသည့် လမ်းပိုင်းတစ်နေရာကို အလျားပေ (၁,၀၀၀)၊ အနံ (၁၈) ပေနှင့် အထူ (၁၀) လက်မ စံချိန်စံညွှန်းများဖြင့် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ၎င်းစီမံကိန်းကို ၂၀၂၅–၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း စတင်အကောင်အထည်ဖော်ခဲ့ပြီး စီမံကိန်းသတ်မှတ်ကာလအတိုင်း ဆောင်ရွက်နိုင်ခဲ့သဖြင့် ၂၀၂၆ ခုနှစ် ဇွန်လ (၂၆) ရက်နေ့တွင် အောင်မြင်စွာ ပြီးစီးခဲ့သည်။
ထို့ပြင် နမ္မတူ–မန်တုံလမ်းပိုင်းရှိ (၃၂) မိုင် (၀) ဖာလုံနှင့် (၃၃) မိုင် (၀) ဖာလုံကြားတွင် လမ်း၏ တည်ငြိမ်မှုနှင့် ရေရှည်အသုံးပြုနိုင်စွမ်း ပိုမိုကောင်းမွန်လာစေရန် အလျား (၂၇) ပေ၊ အနံ (၂) ပေ၊ အထူ (၂၀) လက်မရှိ မြေထိန်းနံရံကိုလည်း တည်ဆောက်ခဲ့သည်။
အဆိုပါလမ်းပိုင်းအား အဆင့်မြှင့်တင်ခြင်းမပြုမီ လမ်းတစ်လျှောက်ရှိ ရေမြောင်းများ ပျက်စီးခြင်းနှင့် ပိတ်ဆို့မှုများကြောင့် မိုးရာသီကာလအတွင်း ရေစီးဆင်းမှုမကောင်းဘဲ လမ်းမျက်နှာပြင်များ ပျက်စီးယိုယွင်းကာ ဂျိုင့်ခွက်များ ဖြစ်ပေါ်ခဲ့သည်။ ထိုသို့သော အခြေနေများကြောင့် ဒေသခံပြည်သူများ၏ နေ့စဉ်သွားလာရေးနှင့် ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် အခက်အခဲများစွာ ကြုံတွေ့ခဲ့ရသည်။
ယခုအခါ လမ်းတစ်လျှောက်ရှိ ရေမြောင်းများကို စနစ်တကျ ပြန်လည်ပြုပြင်တည်ဆောက်ခြင်းနှင့် ပျက်စီးနေသည့် လမ်းပိုင်းအချို့ကို ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ခဲ့သဖြင့် လမ်းပန်းဆက်သွယ်ရေး အခြေအနေ ပိုမိုကောင်းမွန်လာကာ ဒေသခံပြည်သူများ၏ သွားလာရေး ပိုမိုလွယ်ကူချောမွေ့လာသည့်အပြင် ကုန်စည်သယ်ယူပို့ဆောင်ရေးကိုလည်း ပိုမိုမြန်ဆန်ထိရောက်စေရန် အထောက်အကူပြုလျက်ရှိသည်။
အလားတူ တအာင်းပြည်အတွင်း သယ်ယူပို့ဆောင်ရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ပြည်သူများ၏ သွားလာရေး အဆင်ပြေချောမွေ့မှုကို မြှင့်တင်နိုင်ရေးအတွက် PSLF/TNLA ၏ လမ်းတံတားနှင့် တည်ဆောက်ရေးဦးစီးဌာနက နမ့်ခမ်း–နမ့်ဖတ်ကာ လမ်းမကြီးတစ်လျှောက်ကိုလည်း ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။
Website Official
www.taangland.org
Telegram Official Channel
https://t.me/pslftnlanews
Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV
YouTube Official
https://www.youtube.com/@pslftnlanews
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ