2068

နမ့်ဆန်မြို့တွင် PSLF/TNLA ၏ အခွန်ဦးစီးဌာနမှ စားသောက်ဆိုင်နှင့် ကုန်စုံဆိုင်များ၏ အခွန်စနစ်အသုံးပြုမှု စစ်ဆေးဆောင်ရွက်

ဒေသတွင်းသတင်း / ဒေသတွင်း
19 August 2026

နမ့်ဆန်မြို့တွင် PSLF/TNLA ၏ အခွန်ဦးစီးဌာနမှ စားသောက်ဆိုင်နှင့် ကုန်စုံဆိုင်များ၏ အခွန်စနစ်အသုံးပြုမှု စစ်ဆေးဆောင်ရွက်

နမ့်ဆန်၊ သြဂုတ် ၁၉ ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ နမ့်ဆန်ခရိုင်၊ နမ့်ဆန်မြို့ရှိ စားသောက်ဆိုင်နှင့် ကုန်စုံဆိုင်များ၏ အခွန်စနစ်အသုံးပြုမှုကို PSLF/TNLA ၏ အခွန်ဦးစီးဌာနမှ ဦးဆောင်၍ သြဂုတ်လ (၁၇) ရက်နေ့တွင် စစ်ဆေးဆောင်ရွက်ခဲ့သည်။



အဆိုပါ စစ်ဆေးရေးလုပ်ငန်းတွင် PSLF/TNLA ၏ အခွန်ဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အထွေထွေအုပ်ချုပ်ရေးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းပါဝင်ခဲ့ပြီး နမ့်ဆန်မြို့တွင်းရှိ ကုန်စုံဆိုင် (၂၄) ဆိုင်နှင့် စားသောက်ဆိုင် (၁၅) ဆိုင်တို့ကို စစ်ဆေးခဲ့သည်။


စစ်ဆေးရာတွင် စားသောက်ဆိုင်များ၌ စားသုံးသူများ ကျသင့်သည့် ငွေပမာဏအပေါ် (၃) ရာခိုင်နှုန်း ကုန်သွယ်ခွန် တံဆိပ်ခေါင်းအသုံးပြုထားမှုနှင့် စားသုံးသူများအတွက် ပြေစာထုတ်ပေးမှု ရှိ/မရှိကို စစ်ဆေးခဲ့သည်။ ထို့အပြင် ကုန်စုံဆိုင်များတွင် အရက်၊ ဝိုင်၊ ဘီယာနှင့် ဆေးလိပ်များ၏ ပစ္စည်းတန်ဖိုးအပေါ် (၁၅) ရာခိုင်နှုန်း အထူးကုန်စည်ခွန် တံဆိပ်ခေါင်းကပ်ထားမှုနှင့် ရောင်းဝယ်မှုပြုလုပ်ရာတွင် ဘောင်ချာအသုံးပြုမှု ရှိ/မရှိကိုလည်း စစ်ဆေးခဲ့သည်။




ယခုစစ်ဆေးမှုသည် သက်ဆိုင်ရာလုပ်ငန်းရှင်များအနေဖြင့် ကုန်သွယ်ခွန်နှင့် အထူးကုန်စည်ခွန် တံဆိပ်ခေါင်းများကို သတ်မှတ်ချက်များနှင့်အညီ အသုံးပြုနိုင်ရန်နှင့် ရောင်းဝယ်မှုပြုလုပ်ရာတွင် ဘောင်ချာများ အသုံးပြုနိုင်ရန် ပထမအကြိမ်အဖြစ် အသိပေးစစ်ဆေးခြင်း ဖြစ်သည်။


အဆိုပါ စစ်ဆေးမှုမပြုလုပ်မီ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် သက်ဆိုင်ရာ ဆိုင်ရှင်များထံသို့ အခွန်တံဆိပ်ခေါင်းများ ကပ်ထားရန်နှင့် ရောင်းဝယ်မှုပြုလုပ်ရာတွင် ဘောင်ချာအသုံးပြုရန် ကြိုတင်အသိပေးထားခဲ့သည်။



နောက်ပိုင်းတွင် သက်ဆိုင်ရာတာဝန်ရှိသူများက ရှောင်တခင်ဝင်ရောက်စစ်ဆေးရာ၌ သတ်မှတ်ထားသည့် အခွန်တံဆိပ်ခေါင်းများ အသုံးပြုခြင်းနှင့် ဘောင်ချာအသုံးပြုခြင်း မရှိပါက ပထမအကြိမ်တွင် ကုန်သွယ်ခွန်နှင့် အထူးကုန်စည်ခွန် တံဆိပ်ခေါင်းများနှင့် ဘောင်ချာများ ဝယ်ယူအသုံးပြုရန် အသိပေးခြင်း၊ ဒုတိယအကြိမ်တွင် လုပ်ငန်းလိုင်စင် (၁) လ ပိတ်သိမ်းခြင်း၊ တတိယအကြိမ်တွင် ဆိုင်ရောင်းချခွင့်နှင့် လုပ်ငန်းလိုင်စင် (၃) လ ပိတ်သိမ်းခြင်းနှင့် စတုတ္ထအကြိမ်တွင် ဆိုင်ရောင်းချခွင့်ကို လုံးဝပိတ်သိမ်းခြင်းတို့ ဆောင်ရွက်သွားမည်ဖြစ်သည်။

အလားတူ ပြီးခဲ့သည့် သြဂုတ်လ (၉) ရက်မှ (၁၂) ရက်နေ့အထိ PSLF/TNLA ၏ မြို့နယ်စည်ပင်ကော်မတီနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်း၍ နမ့်ဆန်မြို့တွင်းရှိ အခြေခံစားသောက်ကုန်ဆိုင်များ၊ ပရိဘောဂဆိုင်များနှင့် နေ့စဉ်သုံးဝန်ဆောင်မှုဆိုင်များတွင် ၂၀၂၆ ခုနှစ်အတွက် လုပ်ငန်းလိုင်စင်ရှိ/မရှိကို လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့သည်။

ယခုကဲ့သို့ အခွန်စနစ်အသုံးပြုမှုနှင့် လုပ်ငန်းလိုင်စင်ဆိုင်ရာ စစ်ဆေးရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်းသည် လုပ်ငန်းရှင်များအနေဖြင့် သတ်မှတ်ထားသည့် အခွန်နှင့် လုပ်ငန်းဆိုင်ရာ စည်းမျဉ်းများကို သိရှိလိုက်နာနိုင်စေရန်နှင့် မြို့တွင်း စီးပွားရေးလုပ်ငန်းများကို စနစ်တကျ လည်ပတ်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်သည်။

Website Official
www.taangland.org

Telegram Official Channel
https://t.me/pslftnlanews

Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV

YouTube Official
https://www.youtube.com/@pslftnlanews

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နမ့်ဆန်မြို့တွင် PSLF/TNLA ၏ အခွန်ဦးစီးဌာနမှ စားသောက်ဆိုင်နှင့် ကုန်စုံဆိုင်များ၏ အခွန်စနစ်အသုံးပြုမှု စစ်ဆေးဆောင်ရွက်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့

မှတ်ချက်များ
သင်၏ ထင်မြင်ချက်