တအာင်းပြည်ပညာရပ်စုံတက္ကသိုလ် (Ta’ang Land Comprehensice University) ၏ အလုပ်ရုံဆွေးနွေးပွဲ အောင်မြင်စွာ ကျင်းပပြီးစီး
နမ့်ဆန်၊ အောက်တိုဘာ ၁ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၏ လက်ရှိအခြေအနေ၊ လိုအပ်ချက်များနှင့် ကိုက်ညီသည့် အဆင့်မြင့်ပညာရေးစနစ် ဖော်ဆောင်နိုင်ရေးအတွက် တအာင်းပြည်ပညာရေးကောင်စီ - TLEC မှ ဦးဆောင်၍ တအာင်းပြည်ပညာ ရပ်စုံတက္ကသိုလ် (TLCU) အလုပ်ရုံဆွေးနွေးပွဲကို စက်တင်ဘာလ (၂၃) ရက်နေ့မှ (၂၅) ရက်နေ့အထိ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ တအာင်းပြည်အစိုးရမှ တာဝန်ရှိသူများ၊ တအာင်းပြည်ပညာရေးကောင်စီမှ တာဝန်ရှိသူများ၊ တအာင်းပြည်အတွင်းရှိ အဆင့်မြင့်ကျောင်း တာဝန်ရှိသူများနှင့် ပညာရှင်များ စုစုပေါင်း လူဦးရေ (၅၀) ကျော် တက်ရောက်ဆွေးနွေးခဲ့ကြသည်။

ယခုဆွေးနွေးပွဲကို တအာင်းပြည်အတွင်း အဆင့်မြင့်ပညာရပ်များ သင်ကြားပေးနေသည့် ကျောင်းများအား စုစည်းပြီး ပညာရပ်စုံတက္ကသိုလ်တစ်ခု တည်ထောင်နိုင်ရန်၊ ဒေသခံလူငယ်များအတွက် အရည်အသွေးရှိပြီး လက်တွေ့အသုံးချနိုင်သော အဆင့်မြင့်ပညာရေး အခွင့်အလမ်းများ ဖန်တီးပေးရန်နှင့် TLCU ၏ အဖွဲ့အစည်းဖွဲ့စည်းပုံ၊ စီမံခန့်ခွဲမှုပုံစံများကို စနစ်တကျ ဆွေးနွေးသတ်မှတ်နိုင်ရန် ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်သည်။

ဆွေးနွေးပွဲရလဒ်များအဖြစ် တအာင်းပြည်၏ အဆင့်မြင့်ပညာရေးမူဝါဒ (Higher Education Policy) မူကြမ်းကို အတည်ပြုနိုင်ခဲ့ပြီး TLCU ၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်များနှင့် စံတန်ဖိုးများ (Vision, Mission, Goals, Objectives) ကိုလည်း စနစ်တကျ သတ်မှတ်နိုင်ခဲ့သည်။

ထို့ပြင် တက္ကသိုလ်၏ ဖွဲ့စည်းပုံနှင့် ပဋိညာဉ်စာတမ်းများကို အတည်ပြုနိုင်ခဲ့ပြီး TLCU ဦးဆောင်မည့် ဥက္ကဌ၊ ဒုဥက္ကဌများ၊ အတွင်းရေးမှူးများ၊ တွဲဖက်အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များအပါအဝင် စုစုပေါင်း (၁၇) ဦးကို ဒီမိုကရေစီနည်းကျ မဲပေးရွေးချယ်ခဲ့ကြသည်။
Website Official
www.taangland.org
Telegram Official Channel
https://t.me/pslftnlanews
Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV
YouTube Official
https://www.youtube.com/@pslftnlanews
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ