မန်တုံနှင့် နမ္မတူမြို့တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲသူ (၁)ဦးနှင့် လက်ဝယ်ထားရှိသူ (၁)ဦး ဖမ်းဆီးရမိ
နမ္မတူ၊ အောက်တိုဘာ ၁၁ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ နမ္မတူနှင့် မန်တုံမြို့တို့တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှုနှင့် ဆက်စပ်သည့် အမျိုးသားတစ်ဦးနှင့် မူးယစ်ဆေးဝါး လက်ဝယ်ထားရှိသူ အမျိုးသမီးတစ်ဦးတို့ကို ဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်မှာ စက်တင်ဘာ (၂၄) ရက် နေ့လယ် (၂း၀၀) နာရီခန့်တွင် နမ္မတူမြို့၊ ရွှေမြင်သာရပ်ကွက်ရှိ တောင်ပေါ်ဘုရားကျောင်းဘက်သို့ တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့နှင့် နယ်ထိန်းအဖွဲ့တို့ ပူးပေါင်းကာ ကင်းလှည့်ဆောင်ရွက်နေစဉ် အသက် (၄၄) နှစ်အရွယ် ဦးနေလင်းကျော်ကို မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှုနှင့် ပတ်သက်၍ သံသယရှိသဖြင့် စစ်ဆေးရှာဖွေခဲ့ရာ ၎င်းထံမှ WY ယာမဆေးပြား ( ၂၇၄) ပြား နှင့် Oppo ဖုန်းတစ်လုံးအပါအဝင် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။
ထို့အပြင် အောက်တိုဘာ (၇) ရက် ညနေ (၅း၀၀) နာရီခွဲခန့်တွင် မန်တုံမြို့၊ ဟိုခိုရပ်ကွက်၌ မူးယစ်ဆေးဝါး လက်ဝယ်ထားရှိသူဟု သတင်းရရှိသဖြင့် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့မှ အသက် (၄၉) နှစ်အရွယ် ဒေါ်အေစိန်၏ နေအိမ်သို့ သွားရောက်စစ်ဆေးခဲ့ရာ WY ယာမဆေးပြား (၂၅၀) ပြားကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
အဆိုပါ အမျိုးသားနှင့် အမျိုးသမီးတစ်ဦးကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းထားပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။ ထို့အပြင် မူးယစ်ဆေးဝါးသုံးစွဲသူများအတွက်လည်း ဥပဒေနှင့်အညီ ပြန်လည်ပြုပြင်ရေးနှင့် အသိပညာပေးအစီအစဉ်များ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) သည် မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် တရားမဝင်ရောင်းဝယ်ဖြန့်ဖြူးမှုများ ပပျောက်စေရန်နှင့် ဒေသတွင်း တရားဥပဒေစိုးမိုးရေး၊ အေးချမ်းသာယာရေးနှင့် လူမှုဘဝလုံခြုံတည်ငြိမ်ရေးတို့ကို မြှင့်တင်နိုင်ရန် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် မူးယစ်ဆေးဝါးနှင့် ဆက်စပ်သည့် ပြဿနာများ လျော့နည်းစေရန် ဖမ်းဆီးအရေးယူခြင်းများအပြင် မူးယစ်ဆေးဝါးသုံးစွဲသူများအတွက် အသိပညာပေးခြင်းနှင့် ပြန်လည်ပြုပြင်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိသည်။
Website Official
www.taangland.org
Telegram Official Channel
https://t.me/pslftnlanews
Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV
YouTube Official
https://www.youtube.com/@pslftnlanews
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ