2232

တအာင်းပညာရေးအကယ်ဒမီ - TEA ၏ အပတ်စဥ် (၁) ဘွဲ့လွန်ဆရာအတတ်ပညာဒီပလိုမာ (အထက်တန်း) သင်တန်းဆင်းပွဲနှင့် ဒီပလိုမာဘွဲ့အပ်နှင်းခြင်းအခမ်းအနား ကျင်းပပြီးစီး

ဒေသတွင်းသတင်း / ဒေသတွင်း
13 October 2026

တအာင်းပညာရေးအကယ်ဒမီ - TEA ၏ အပတ်စဥ် (၁) ဘွဲ့လွန်ဆရာအတတ်ပညာဒီပလိုမာ (အထက်တန်း) သင်တန်းဆင်းပွဲနှင့် ဒီပလိုမာဘွဲ့အပ်နှင်းခြင်းအခမ်းအနား ကျင်းပပြီးစီး

နမ့်ဆန်၊ အောက်တိုဘာ ၁၃ ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တအာင်းပညာရေးအကယ်ဒမီ (Ta’ang Education Academy – TEA) မှဦးစီးဖွင့်လှစ်သည့် အပတ်စဥ် (၁) ဘွဲ့လွန်ဆရာအတတ်ပညာဒီပလိုမာ (အထက်တန်း) - PGDTED-Us ၏ သင်တန်းဆင်းပွဲနှင့် ဒီပလိုမာဘွဲ့အပ်နှင်းခြင်းအခမ်းအနားကို အောက်တိုဘာ (၁၂) ရက်နေ့ နံနက် (၉း၀၀) နာရီတွင် နမ့်ဆန်မြို့နယ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြီးစီးခဲ့သည်။




ဘွဲ့နှင်းသဘင်အခမ်းအနားတွင် PSLF/TNLA ၏ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် ဘုန်းကျော်က အဖွင့်အမှာစကား ပြောကြားရာ၌ တအာင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးဆိုင်ရာ အဖွဲ့အစည်းများကို ပိုမိုခိုင်မာအားကောင်းလာစေရန် တည်ဆောက်သွားရန်လိုအပ်ကြောင်းနှင့် ပညာရေးသည် ပြည်နယ်တည်ဆောက်ရေးလုပ်ငန်းစဥ်တွင် အဓိကအရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်နေကြောင်း ပြောကြားခဲ့သည်။




ထို့အပြင် အရည်အချင်းပြည့်ဝသည့် ဆရာ၊ ဆရာမများကို မွေးထုတ်ပေးနိုင်မှသာ လူ့အဖွဲ့အစည်းအတွင်းရှိ မှားယွင်းနေသော အတွေးအခေါ်နှင့် အယူအဆများကို ပညာရေးမှတစ်ဆင့် ပြုပြင်ပြောင်းလဲပေးနိုင်မည်ဖြစ်ကြောင်း၊ စနစ်တကျ တွေးခေါ်ဆင်ခြင်သုံးသပ်နိုင်သည့် လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ထွန်းလာမှသာ ငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်သည့် လူမှုအသိုင်းအဝိုင်းကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။



သင်တန်းအောင်မြင်ပြီးမြောက်ခဲ့ကြသည့် ဆရာ၊ ဆရာမများအနေဖြင့် သင်တန်းကာလအတွင်း ဆည်းပူးရရှိခဲ့သော အသိပညာနှင့် သင်ကြားရေးဆိုင်ရာ ကျွမ်းကျင်မှုများကို လက်တွေ့အသုံးချကာ ယခင်ထက် ပိုမိုထိရောက်သည့် သင်ကြားရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်သွားကြရန်လည်း တိုက်တွန်းပြောကြားခဲ့သည်။




အဆိုပါသင်တန်းကို ၂၀၂၆ ခုနှစ်၊ မတ်လတွင် စတင်ဖွင့်လှစ်ခဲ့ပြီး (၆) လ ကြာ သင်တန်းသူ (၃၅) ဦးနှင့် သင်တန်းသား (၇) ဦး၊ စုစုပေါင်း (၄၂) ဦး တက်ရောက်သင်ကြားခဲ့ကြသည်။ သင်တန်းကာလအတွင်း ပညာရေးစိတ်ပညာ၊ သင်ကြားရေးနည်းစနစ်၊ သက်ဆိုင်ရာ အထူးပြုဘာသာရပ် (Major)၊ ဖြည့်စွက် ဘာသာရပ် (Miner) တို့ကို အဓိကထား သင်ကြားပို့ချခဲ့ပြီး စိတ်ပါဝင်စားသူများအတွက် တအာင်းရုံးသုံးစာ ဘာသာရပ်ကိုလည်း ထည့်သွင်းသင်ကြားပေးခဲ့သည်။



အခမ်းအနားတွင် သက်ဆိုင်ရာတာဝန်ရှိသူများက ဂုဏ်ပြုအမှာစကားများ ပြောကြားခဲ့ကြပြီး သင်တန်းအောင်မြင်ပြီးမြောက်ခဲ့သည့် သင်တန်းသူ၊ သင်တန်းသား စုစုပေါင်း (၄၂) ဦးကို ဘွဲ့လွန်ဆရာအတတ်ပညာဒီပလိုမာ အထက်တန်း (PEDTED-Us) ဘွဲ့များ အပ်နှင်းချီးမြှင့်ခဲ့သည်။ အဆိုပါ သင်တန်းအောင်မြင်ပြီးဆုံးသူများသည် တအာင်းပြည်ပညာရေးကောင်စီ (TLEC) မှ ဖွင့်လှစ်ထားသည့် စာသင်ကျောင်းများတွင် အထက်တန်းပြဆရာ၊ ဆရာမများအဖြစ် တာဝန်ထမ်းဆောင်သွားကြမည်ဖြစ်သည်။




ဤသင်တန်းကျောင်းကို တအာင်းပြည်ပညာရေးကောင်စီ - TLEC မှ ဖွင့်လှစ်ထားသည့် စာသင်ကျောင်းများတွင် တာဝန်ထမ်းဆောင်နိုင်မည့် အရည်အချင်းပြည့်ဝသော ဆရာ/မများ မွေးထုတ်ပေးရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။




အဆိုပါအခမ်းအနားသို့ PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် ဘုန်းကျော်၊ တအာင်းမြေ တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာ ဟောည်၊ တအာင်းပြည်ပညာရေးကောင်စီမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ/မများ၊ ကျောင်းသူ/သားများနှင့် ကျောင်းသားမိဘများအပါအဝင် စုစုပေါင်း လူဦးရေ (၅၀၀) ဦးကျော် တက်ရောက်ခဲ့ကြသည်။

Website Official
www.taangland.org

Telegram Official Channel
https://t.me/pslftnlanews

Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV

YouTube Official
https://www.youtube.com/@pslftnlanews


#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပညာရေးအကယ်ဒမီ - TEA ၏ အပတ်စဥ် (၁) ဘွဲ့လွန်ဆရာအတတ်ပညာဒီပလိုမာ (အထက်တန်း) သင်တန်းဆင်းပွဲနှင့် ဒီပလိုမာဘွဲ့အပ်နှင်းခြင်းအခမ်းအနား ကျင်းပပြီးစီး
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်