2234

တအာင်းပြည်တွင် အရည်အချင်းပြည့်ဝသော သူနာပြုများ မွေးထုတ်ရေးအတွက် ကျန်းမာရေးကောလိပ်၏ အပတ်စဉ် (၂) သူနာပြုဦးဆောင်းနှင့် ကုတ်အင်္ကျီအပ်နှင်းပွဲ ကျင်းပ

ဒေသတွင်းသတင်း / ဒေသတွင်း
13 October 2026

တအာင်းပြည်တွင် အရည်အချင်းပြည့်ဝသော သူနာပြုများ မွေးထုတ်ရေးအတွက် ကျန်းမာရေးကောလိပ်၏ အပတ်စဉ် (၂) သူနာပြုဦးဆောင်းနှင့် ကုတ်အင်္ကျီအပ်နှင်းပွဲ ကျင်းပ

နမ့်ခမ်း၊ အောက်တိုဘာ ၁၃ ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ နမ့်ခမ်းမြို့တွင် အရည်အချင်းပြည့်ဝသော သူနာပြုများ မွေးထုတ်နိုင်ရေးအတွက် တအာင်းပြည်ကျန်းမာရေးကောင်စီ (THC) ၏ ကျန်းမာရေးဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဌာနက ဦးစီးကျင်းပသည့် တအာင်းပြည်သူနာပြုနှင့် ကျန်းမာရေးသိပ္ပံကောလိပ်၏ အပတ်စဉ် (၂) သူနာပြုဦးဆောင်းနှင့် ကုတ်အင်္ကျီအပ်နှင်းပွဲ၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို အောက်တိုဘာ (၉) ရက်တွင် ကျင်းပခဲ့သည်။




အခမ်းအနားတွင် အပတ်စဉ် (၂) မှ ကျောင်းသူ (၃၀) ဦးအား သူနာပြုဦးဆောင်း (Nursing Cap) များနှင့် ကျောင်းသား (၅) ဦးအား သူနာပြုကုတ်အင်္ကျီများ အပ်နှင်းခဲ့သည်။ ထို့နောက် သူနာပြုအတတ်ပညာဆိုင်ရာ အသိပညာ၊ အစဉ်အလာ၊ ကျင့်ဝတ်နှင့် လူနာပြုစုစောင့်ရှောက်ရေးတာဝန်များကို မျိုးဆက်တစ်ဆက်မှ တစ်ဆက်သို့ လက်ဆင့်ကမ်းအမွေဆက်ခံခြင်းကို ကိုယ်စားပြုသည့် ဆီမီးအလင်းတိုင် လက်ဆင့်ကမ်းခြင်းအစီအစဉ် ပြုလုပ်ခဲ့ကြပြီး ကျောင်းသူ၊ ကျောင်းသားများက သူနာပြုသစ္စာဓိဋ္ဌာန်ကိုလည်း အတူတကွ ရွတ်ဆိုကတိပြုခဲ့ကြသည်။

အဆိုပါကောလိပ်၏ အပတ်စဉ် (၂) သင်တန်းတွင် ကျောင်းသူ (၃၀) ဦးနှင့် ကျောင်းသား (၅) ဦး၊ စုစုပေါင်း (၃၅) ဦး တက်ရောက်ပညာသင်ကြားမည်ဖြစ်ပြီး သင်တန်းကာလမှာ ၂ နှစ် ကြာမြင့်မည်ဖြစ်သည်။ သင်တန်းကာလအတွင်း အခြေခံသူနာပြုပညာ (Fundamentals of Nursing)၊ အရွယ်ရောက်ပြီးသူများ၏ ကျန်းမာရေးဆိုင်ရာ သူနာပြုပညာ (Adult Health Nursing)၊ မိခင်နှင့်ကလေးကျန်းမာရေးဆိုင်ရာ သူနာပြုပညာ (Maternal and Child Health Nursing)၊ ရပ်ရွာကျန်းမာရေးဆိုင်ရာ သူနာပြုပညာ (Community Health Nursing)၊ စိတ်ကျန်းမာရေးဆိုင်ရာ သူနာပြုပညာ (Mental Health Nursing) နှင့် ပြောဆိုဆက်ဆံရေးကျွမ်းကျင်မှု စသည့် ဘာသာရပ်များကို သင်ကြားပို့ချသွားမည်ဖြစ်သည်။

သင်တန်းသို့ တအာင်းပြည်အတွင်းရှိ နမ့်ခမ်း၊ မန်တုံနှင့် နမ့်ဆန်မြို့နယ်များမှ လူငယ်များအပြင် အခြားတိုင်းရင်းသားလူငယ်များလည်း တက်ရောက်ကြသည်။ ၂ နှစ်တာ သင်တန်းကာလကို အောင်မြင်စွာ ပြီးမြောက်သူများအား သူနာပြုပညာဆိုင်ရာ တွဲဖက်ဒီဂရီဘွဲ့ (Associate Degree in Nursing) ပေးအပ်သွားမည်ဖြစ်ပြီး ဘွဲ့ရရှိပြီးနောက် တအာင်းပြည် သက်ဆိုင်ရာမြို့နယ်များရှိ ပြည်သူ့ဆေးရုံများတွင် သူနာပြုများအဖြစ်  တာဝန်ထမ်းဆောင်သွားရမည်ဖြစ်သည်။

တအာင်းပြည်အတွင်းရှိ ပြည်သူလူထုအား အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ်နိုင်ရေးအတွက် စနစ်တကျ ပညာသင်ကြားလေ့ကျင့်ပေးခြင်းဖြင့် အရည်အချင်းပြည့်ဝပြီး ကျင့်ဝတ်ကောင်းမွန်သော ကျန်းမာရေးပညာရှင်များ မွေးထုတ်ပေးရန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ စဉ်ဆက်မပြတ် ပညာသင်ယူမှု၊ တစ်သက်တာလေ့လာသင်ယူမှုတို့ကို မြှင့်တင်အားပေးရန် ရည်ရွယ်၍ အဆိုပါကောလိပ်ကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

အခမ်းအနားသို့ တအာင်းပြည်ကျန်းမာရေးကောင်စီ၏ ဒုတိယဥက္ကဋ္ဌ၊ ကျန်းမာရေးဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ဌာနမှူးနှင့် ဒုတိယဌာနမှူး၊ ကုသရေးဌာနမှ ဌာနမှူးနှင့် ဒုတိယဌာနမှူး၊ နမ့်ခမ်းပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ၊ သင်ကြားရေးဆရာ၊ ဆရာမများနှင့် အပတ်စဉ် (၁)၊ အပတ်စဉ် (၂) မှ ကျောင်းသူ၊ ကျောင်းသားများအပါအဝင် စုစုပေါင်း လူဦးရေ (၁၅၀)ခန့် တက်ရောက်ခဲ့ကြသည်။

တအာင်းပြည်သူနာပြုနှင့် ကျန်းမာရေးသိပ္ပံကောလိပ်၏ အပတ်စဉ် (၁) သင်တန်းကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် ကျောင်းသူ၊ ကျောင်းသား (၃၃) ဦးဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး လက်ရှိတွင်လည်း အဆိုပါကျောင်းသူ၊ ကျောင်းသားများသည် ကောလိပ်၌ ပညာသင်ကြားလျက်ရှိသည်။

Website Official
www.taangland.org

Telegram Official Channel
https://t.me/pslftnlanews

Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV

YouTube Official
https://www.youtube.com/@pslftnlanews


#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပြည်တွင် အရည်အချင်းပြည့်ဝသော သူနာပြုများ မွေးထုတ်ရေးအတွက် ကျန်းမာရေးကောလိပ်၏ အပတ်စဉ် (၂) သူနာပြုဦးဆောင်းနှင့် ကုတ်အင်္ကျီအပ်နှင်းပွဲ ကျင်းပ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်