နမ့်ဆန်မြို့ အ.ထ.က(၁) ကျောင်းတွင် ကျောင်းသား/သူများအား ယာဉ်စည်းကမ်း၊ မူးယစ်ဆေးဝါးနှင့် ကျန်းမာရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
နမ့်ဆန်၊ အောက်တိုဘာ ၁၄ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ နမ့်ဆန်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်း အ.ထ.က (၁) တွင် Grade-9 မှ Grade-12 အထိ တက်ရောက်ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားလာစေရန်အတွက် အုပ်ချုပ်ရေးဌာန၊ တရားဥပဒေစိုးမိုးရေးဌာန၊ ကျန်းမာရေးဌာန၊ တအာင်းပြည်ပညာရေးကောင်စီ (TLEC) နှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို အောက်တိုဘာ (၁၂) ရက်နေ့တွင် ကျင်းပခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ကျောင်းသား၊ ကျောင်းသူများ နေ့စဉ်ဘဝ၌ ဘေးအန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ သိကောင်းစရာများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ၏ အန္တရာယ်များ၊ တရားဥပဒေကို လေးစားလိုက်နာတတ်သည့် နိုင်ငံသားကောင်းများ ဖြစ်လာစေရေးအတွက် ဥပဒေဆိုင်ရာ အသိပညာများနှင့် လူငယ်များအတွက် ခန္ဓာကိုယ်ဖွံ့ဖြိုးပြောင်းလဲမှု၊ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးအသိပညာများကို သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက ဟောပြောဆွေးနွေးခဲ့ကြသည်။

ထို့အပြင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများနှင့် နောက်ဆက်တွဲပြဿနာများ၊ မိတ်ဆွေအပေါင်းအသင်းများ၏ မကောင်းသော လွှမ်းမိုးမှုများမှ ကင်းဝေးစေရန် ပြတ်ပြတ်သားသား ငြင်းဆန်တတ်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်မှ ကင်းဝေးစေရန် သတိပြုရမည့်အချက်များကိုလည်း ရှင်းလင်းပြောကြားခဲ့သည်။

အလားတူ တရားဥပဒေကို လေးစားလိုက်နာတတ်သည့် နိုင်ငံသားကောင်းများ ဖြစ်လာစေရန် လိုအပ်သည့် ဥပဒေဆိုင်ရာ အသိပညာများ၊ လူငယ်များ၏ ခန္ဓာကိုယ်ဖွံ့ဖြိုးပြောင်းလဲမှုနှင့် တစ်ကိုယ်ရေသန့်ရှင်းရေး ထိန်းသိမ်းနည်းများအပြင် မလိုလားအပ်သော ပြဿနာများနှင့် ရောဂါများမှ ကာကွယ်နိုင်ရေးအတွက် လိင်ပိုင်းဆိုင်ရာ အသိပညာပေးအကြောင်းအရာများကိုလည်း ဆွေးနွေးပေးခဲ့ကြသည်။

အဆိုပါအသိပညာပေးဟောပြောပွဲသို့ အုပ်ချုပ်ရေးဌာန၊ တရားဥပဒေစိုးမိုးရေးဌာန၊ ကျန်းမာရေးဌာနနှင့် တအာင်းပြည်ပညာရေးကောင်စီ (TLEC) မှ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအပါအဝင် စုစုပေါင်း လူဦးရေ (၅၀၀) ကျော် တက်ရောက်ခဲ့ကြသည်။
Website Official
www.taangland.org
Telegram Official Channel
https://t.me/pslftnlanews
Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV
YouTube Official
https://www.youtube.com/@pslftnlanews
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ