နမ့်ဆန်မြို့နယ်တွင် နှစ်ရက်အတွင်း ယာဉ်မတော်တဆမှု (၂) ကြိမ်ဖြစ်ပွား၊ အမျိုးသား (၄) ဦး ထိခိုက်ဒဏ်ရာရ
နမ့်ဆန်၊ အောက်တိုဘာ ၁၄ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ နမ့်ဆန်မြို့နယ်တွင် အောက်တိုဘာ (၉) ရက်နှင့် (၁၀) ရက်နေ့တို့၌ ကုန်တင်ကားတစ်စီး ချောက်ထဲထိုးကျမှုနှင့် ဆိုင်ကယ်တစ်စီး လမ်းဘေးရပ်ထားသည့် ကားကို ဝင်တိုက်မှုတို့ ဖြစ်ပွားခဲ့ရာ အမျိုးသား (၄) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဖြစ်စဉ်တွင် အောက်တိုဘာ (၉) ရက်တွင် ယာဉ်မောင်း ဦးကျော်ထွန်းသည် နမ့်ဆန်မြို့သို့ ပို့ဆောင်ရန် ဆန်အိတ်များ တင်ဆောင်မောင်းနှင်လာစဉ် ကျောက်ဖြူအုပ်စု၊ ပန်စမိန်းကျေးရွာအောက်ရှိ ချောင်းအတက်နေရာသို့ ရောက်ရှိချိန်တွင် ကားဘရိတ်ပေါက်ကာ ကားနောက်ပြန်လိမ့်၍ ချောက်ထဲသို့ ထိုးကျခဲ့သည်။ အဆိုပါကား၏ နောက်ခန်းတွင် လိုက်ပါလာသူ ကိုသန်းဝင်း၊ ကိုငွေခိုင်နှင့် ကိုကျော်စောတို့အနက် ကိုသန်းဝင်းမှာ ဆန်အိတ်များ ဖိမိသဖြင့် ခါးရိုးကျိုးသည့် ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်။

ထို့အပြင် အောက်တိုဘာ (၁၀) ရက် နေ့တွင် အသက် (၃၈) နှစ်အရွယ် ဦးအောင်မန်သည် ဆိုင်ကယ်မောင်းနှင်လာစဉ် နမ့်ဆန်မြို့တွင်းရှိ ကျောက်မဲလမ်းခွဲအနီး လမ်းဘေး၌ ရပ်ထားသည့် ကားကို ဝင်တိုက်မိခဲ့သည်။ အဆိုပါဖြစ်စဉ်ကြောင့် ဦးအောင်မန်သည် ဘယ်ခြေထောက်၊ လက်နှင့် ခန္ဓာကိုယ်တို့တွင် ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်။

အဆိုပါဖြစ်စဉ်များ ဖြစ်ပွားခဲ့သည့် နေရာများသို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ မြို့နယ်ရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ပြီး ယာဉ်မောင်းဖြစ်သူအား ဖမ်းဆီး အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။

အလားတူ အောက်တိုဘာ (၂) ရက်နေ့တွင်လည်း မန္တလေးမြို့မှ နမ့်ဆန်မြို့သို့ မောင်းနှင်လာသည့် ခရီးသည်တင်ယာဉ်တစ်စီးသည် နမ့်ဆန်မြို့အဝင်၊ လက်ဖက်စက်ရုံအောက်ရှိ ပန်စမိန်းလမ်း ကုန်းအတက်နေရာသို့ ရောက်ရှိစဉ် ကုန်းကိုမတက်နိုင်ဘဲ နောက်ပြန်လိမ့်ကာ လမ်းဘေးချောက်အတွင်းသို့ ထိုးကျတိမ်းမှောက်ခဲ့သည်။ အဆိုပါဖြစ်စဉ်ကြောင့် အမျိုးသမီး (၁) ဦး သေဆုံးပြီး (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ပြည်သူများအနေဖြင့် ယာဉ်မောင်းနှင်ရာတွင် ယာဉ်၏ ဘရိတ်နှင့် အခြားအရေးကြီးအစိတ်အပိုင်းများကို ပုံမှန်စစ်ဆေးရန်၊ တောင်ကုန်းအတက်အဆင်းများတွင် အထူးသတိပြုမောင်းနှင်ရန်နှင့် သတ်မှတ်ထားသော အမြန်နှုန်းကို လိုက်နာရန် လိုအပ်သည်။ ထို့အပြင် ဆိုင်ကယ်မောင်းနှင်သူများအနေဖြင့်လည်း လမ်းအခြေအနေကို သတိပြုကာ အရှိန်လျှော့မောင်းနှင်ပြီး လမ်းဘေးရပ်ထားသည့် ယာဉ်များနှင့် လုံခြုံသောအကွာအဝေးရှိစေရန် ဂရုပြုသင့်သည်။
Website Official
www.taangland.org
Telegram Official Channel
https://t.me/pslftnlanews
Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV
YouTube Official
https://www.youtube.com/@pslftnlanews
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ