2253

နမ့်ခမ်းမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ဘောလုံးဆုပေးပွဲအခမ်းအနားကို PSLF/TNLA ဒုဥက္ကဋ္ဌ (၁) ဒုဗိုလ်ချုပ်ကြီး ဂျုတ်ဂျားမှ တက်ရောက် ဂုဏ်ပြုဆုချီးမြှင့်ပေး

ဒေသတွင်းသတင်း / ဒေသတွင်း
27 October 2026

နမ့်ခမ်းမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ဘောလုံးဆုပေးပွဲအခမ်းအနားကို PSLF/TNLA ဒုဥက္ကဋ္ဌ (၁) ဒုဗိုလ်ချုပ်ကြီး ဂျုတ်ဂျားမှ တက်ရောက် ဂုဏ်ပြုဆုချီးမြှင့်ပေး

 

နမ့်ခမ်း၊ အောက်တိုဘာ ၂၇ ရက်

တအာင်းပြည်သတင်း

 

တအာင်းပြည်၊ နမ့်ခမ်းမြို့တွင် ရပ်ကွက်များအကြား စည်းလုံးညီညွတ်မှုနှင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရန်၊ လူငယ်များ၏ အားကစားစိတ်ဓာတ် မြှင့်တင်ရန်နှင့် မူးယစ်ဆေးဝါးကင်းစင်သော လူငယ်ဘဝများ ဖော်ဆောင်ရန် ရည်ရွယ်၍ ကျင်းပသည့် ရပ်ကွက်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ပိတ်ပွဲနှင့် ဆုချီးမြှင့်အခမ်းအနားကို အောက်တိုဘာလ (၂၅) ရက်နေ့၌ ကျင်းပခဲ့ရာ  PSLF/TNLA ဒုဥက္ကဋ္ဌ (၁) ဒုဗိုလ်ချုပ်ကြီး ဂျုတ်ဂျားမှ တက်ရောက်ခဲ့ပြီး ဆုရအသင်းများအား ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခဲ့သည်။


 

အဆိုပါ ရပ်ကွက်ပေါင်းစုံ ဘောလုံးပြိုင်ပွဲကို ပြီးခဲ့သည့် အောက်တိုဘာလ (၁၂) ရက်နေ့တွင် စတင်ကျင်းပခဲ့ပြီး နမ့်ခမ်းမြို့ရှိ ရပ်ကွက် (၁၄) ခုမှ အသင်းများကို အုပ်စု (၄) စုခွဲကာ (၁၄) ရက်ကြာ ယှဉ်ပြိုင်ကစားခဲ့ကြရာမှ  ပြိုင်ပွဲတွင် ကောင်းတပ်ရပ်ကွက်အသင်းက ပထမဆု၊ ပေါက်တိုက်ရပ်ကွက်အသင်းက ဒုတိယဆုနှင့် မန့်ခမ်းရပ်ကွက်အသင်းက တတိယဆုတို့ကို အသီးသီးဆွတ်ခူးရရှိခဲ့ကြပြီး ဂိုးသမား၊ နောက်တန်း၊ လယ်တန်း၊ ရှေ့တန်း၊ ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးဆုနှင့် အသန့်ရှင်းဆုံးအသင်းဆုများကိုလည်း ချီးမြှင့်ပေးအပ်ခဲ့သည်။ ထို့အပြင် ပြိုင်ပွဲတစ်လျှောက် ကူညီပံ့ပိုးပေးခဲ့သည့် ပရဟိတအသင်းများနှင့် ကြီးကြပ်ဆောင်ရွက်ပေးခဲ့သည့် ဒိုင်လူကြီးများကိုလည်း ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ဆုချီးမြှင့်ပွဲအခမ်းအနားတွင် PSLF/TNLA ဒုဥက္ကဋ္ဌ (၁) ဒုဗိုလ်ချုပ်ကြီး ဂျုတ်ဂျားမှ ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ပြီး ဆုရရှိခဲ့သည့် အသင်းများ ဆုမြှင့်ပေးအပ်ခဲ့သည်။ ဆုချီးမြှင့်ရာတွင် ပထမဆုအဖြစ် ကျပ်သိန်း (၄၀)၊ ဒုတိယဆု ကျပ်သိန်း (၃၀) နှင့် တတိယဆု ကျပ်သိန်း (၂၀) တို့ကို ပေးအပ်ခဲ့သည်။

ထို့အပြင် အကောင်းဆုံးဂိုးသမားဆုနှင့် ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုတို့အတွက် ကျပ် (၃) သိန်းစီ၊ အသန့်ရှင်းဆုံးအသင်းဆုအတွက် ကျပ် (၅) သိန်း၊ အကောင်းဆုံးနောက်တန်း၊ အလယ်တန်းနှင့် ရှေ့တန်းကစားသမားဆုများအတွက် ကျပ် (၃) သိန်းစီ ချီးမြှင့်ခဲ့သည်။ ပြိုင်ပွဲတွင် ပါဝင်ကူညီပံ့ပိုးခဲ့သည့် ဒိုင်ကော်မတီအဖွဲ့နှင့် ပရဟိတအသင်းများကိုလည်း တစ်ဖွဲ့လျှင် ကျပ် (၁၀) သိန်း ဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့သည်။


 

ဘောလုံးပြိုင်ပွဲတွင် နမ့်ခမ်းမြိုအတွင်းရှိ ရပ်ကွက် (၁၄) ခုမှ အုပ်စု (၄) စုခွဲခြားသတ်မှတ်ရာမှ အုပ်စု (၁) တွင် ပေါက်နေ၊ ပေါက်တိုက်၊ နောင်စန့်နှင့် ကောင်တပ်ရပ်ကွက်အသင်းများ၊ အုပ်စု (၂) တွင် အောင်မင်္ဂလာ၊ ဝိန်းဆာ၊ ဟိုကတ်နှင့် သာယာကုန်းရပ်ကွက်အသင်းများ၊ အုပ်စု (၃) တွင် မိုးခမ်း၊ ဈေးတန်းနှင့် မန့်နားရပ်ကွက်အသင်းများ၊ အုပ်စု (၄) တွင် မန့်စမ်း၊ အောင်ချမ်းသာနှင့် ကောင်နောင်မိုရပ်ကွက်အသင်းများ ပါဝင်ယှဉ်ပြိုင်ကစားကြသည်။

 

ရပ်ကွက်ပေါင်းစုံပြိုင်ပွဲ ပိတ်ပွဲနှင့် ဆုချီးမြှင့်သည့် အခမ်းအနားကို PSLF/TNLA ဒုဥက္ကဋ္ဌ (၁) ဒုဗိုလ်ချုပ်ကြီး ဂျုတ်ဂျား၊ တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) ဗိုလ်မှူးချုပ် အိုမ်တမာဝ်း၊ ရှမ်းစာပေယဉ်ကျေးမှုအဖွဲ့၊ ကချင်စာပေယဉ်ကျေးမှုအဖွဲ့၊ လီဆူစာပေယဉ်ကျေးမှုအဖွဲ့၊ ခိုလုံလီရှော စာပေယဉ်ကျေးမှုအဖွဲ့၊ အားကစားအသင်းများနှင့် ဒေသခံပြည်သူများအပါအဝင် စုစုပေါင်း လူဦးရေ (၂,၀၀၀) ဦးကျော် တက်ရောက်ခဲ့ကြသည်။

 

အဆိုပါဘောလုံးပြိုင်ပွဲကို လူငယ်များ၏ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ရေးနှင့် စိတ်ဓာတ်ခွန်အား မြှင့်တင်ပေးရန်၊ မူးယစ်ဆေးဝါးကင်းစင်သော လူငယ်ဘဝများ ဖော်ဆောင်ရန်နှင့် အားကစားမှတစ်ဆင့် စည်းလုံးညီညွတ်မှု၊ ချစ်ကြည်ရင်းနှီးမှုတို့ ပိုမိုခိုင်မာလာစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။


Website Official

www.taangland.org


Telegram Official Channel

https://t.me/pslftnlanews


Telegram Link – Ta’ang TV

https://t.me/pslftnlaTaangTV


YouTube Official

https://www.youtube.com/@pslftnlanews

 

#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နမ့်ခမ်းမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ဘောလုံးဆုပေးပွဲအခမ်းအနားကို PSLF/TNLA ဒုဥက္ကဋ္ဌ (၁) ဒုဗိုလ်ချုပ်ကြီး ဂျုတ်ဂျားမှ တက်ရောက် ဂုဏ်ပြုဆုချီးမြှင့်ပေး
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်