တန်ဆောင်မုန်းလပြည့်နေ့တွင် တအာင်းပြည်အပါအဝင် ရှမ်းပြည်နယ်အတွင်း မိုးထစ်ချုန်းရွာနိုင်ပြီး နိုဝင်ဘာလကုန်၌ အအေးဒဏ် ပိုမိုပြင်းထန်လာမည်
နမ့်ဆန်၊ နိုဝင်ဘာ ၂၃ ရက်၊ ၂၀၂၆ ခုနှစ်
မနက်ဖြန် နိုဝင်ဘာလ (၂၄) ရက် (တန်ဆောင်မုန်းလပြည့်နေ့) နှင့် နောက် (၂) ရက်အတွင်း တအာင်းပြည်အပါအဝင် ရှမ်းပြည်နယ်တစ်ဝန်း၌ မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး နိုဝင်ဘာလကုန်ပိုင်းတွင်မူ အအေးလေဖိအားကြီးရပ်ဝန်း လွှမ်းမိုးမှုကြောင့် အအေးဒဏ် ပိုမိုသိသာလာမည်ဟု သိရသည်။
ထို့အပြင် ဒေါက်တာ စိုင်းဝဏ္ဏကျော်လင်း၏ ခန့်မှန်းချက်အရ မနက်ဖြန် တန်ဆောင်မုန်းလပြည့်နေ့တွင် တအာင်းပြည်အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်း၌ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး ရှမ်းပြည်နယ်အရှေ့ပိုင်းတို့တွင် နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။
ထို့အတူ DMH ၏ ထုတ်ပြန်ချက်တွင်လည်း ယနေ့ညနေအထိ တအာင်းပြည်အပါအဝင် ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် နေရာကျဲကျဲနှင့် တောင်ပိုင်း၊ အရှေ့ပိုင်းတို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ကာ ရွာရန်ရာနှုန်း (၈၀) ရှိကြောင်းနှင့် နောက် (၂) ရက်အတွင်း၌လည်း တအာင်းပြည်အပါအဝင် ရှမ်းပြည်နယ်တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ကြောင်း ဖော်ပြထားသည်။
ယင်းနောက်ပိုင်း နိုဝင်ဘာလ (၂၄) ရက်မှ (၃၀) ရက်အတွင်း မိုးလေဝသအခြေအနေနှင့်ပတ်သက်၍ မိုးလေဝသပညာရှင် ဦးဝင်းနိုင်၏ သုံးသပ်ချက်အရ တရုတ်ပြည်မကြီးနှင့် မွန်ဂိုလီးယားဘက်မှ အားကောင်းသည့် အအေးလေဖိအားကြီးရပ်ဝန်း တောင်ဘက်သို့ ဆက်လက်တွန်းပို့နေမှုကြောင့် အရှေ့မြောက်လေအေး ပိုမိုအားကောင်းလာမည်ဖြစ်သည်။
အဆိုပါ အအေးလေစီးကြောင်းကြောင့် နိုဝင်ဘာလကုန်ရက်များတွင် တအာင်းပြည်အပါအဝင် ရှမ်းပြည်နယ်၏ ညနှင့် နံနက်စောစော အနိမ့်ဆုံးအပူချိန်သည် (၆) ဒီဂရီဆဲလ်စီးယပ်မှ (၁၄) ဒီဂရီဆဲလ်စီးယပ်အထိ ကျဆင်းနိုင်ပြီး တောင်ပေါ်ဒေသအချို့တွင် (၆) ဒီဂရီဆဲလ်စီးယပ်အောက်သို့ ရောက်ရှိကာ ဆောင်းအအေးဒဏ် သိသာလာမည်ဖြစ်ကြောင်း အစီရင်ခံ တင်ပြအပ်ပါသည်။
#မိုးလေဝသနှင့် အယ်လ်နီညိုစောင့်ကြည့်ရေးအဖွဲ့
#PSLF သတင်းနှင့် ပြန်ကြားရေးဌာန
ကိုးကား - DMH၊ မိုးလေဝသပညာရှင် ဦးဝင်းနိုင်၊ ဒေါက်တာ စိုင်းဝဏ္ဏကျော်လင်း
Website Official
www.taangland.org
Telegram Official Channel
https://t.me/pslftnlanews
Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV
YouTube Official
https://www.youtube.com/@pslftnlanews
မှတ်ချက်များ