2333

နမ္မတူမြို့တွင် အမျိုးသမီးကော်မတီနှင့် အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ဦးဆောင်၍ နိုင်ငံတကာ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကျင်းပ

ဒေသတွင်းသတင်း / ဒေသတွင်း
27 November 2026

နမ္မတူမြို့တွင် အမျိုးသမီးကော်မတီနှင့် အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ဦးဆောင်၍ နိုင်ငံတကာ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကျင်းပ

နမ္မတူ၊ နိုဝင်ဘာ ၂၇ ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ နမ္မတူမြို့တွင် အမျိုးသမီးကော်မတီများက ဦးဆောင်၍ ဌာနဆိုင်ရာဝန်ထမ်းများအား နှစ်စဥ်နိုဝင်ဘာလ (၂၅) ရက်နေ့တွင် ကျရောက်သော နိုင်ငံတကာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ (International Day for the Elimination of Violence Against Women) အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို နိုဝင်ဘာလ (၂၅) ရက်နေ့က ကျင်းပပြုလုပ်ခဲ့ သည်။


အဆိုပါအခမ်းအနားတွင် အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်ဘုန်းကျော်က တက်ရောက်အဖွင့်အမှာ စကားပြောကြားရာမှာ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် ရုပ်ပိုင်းဆိုင်ရာသာမက နည်းပညာဆိုင်ရာ အကြမ်းဖက်မှု ပုံစံအမျိုးမျိုးကိုပါ တားဆီးကာကွယ်ရန် အလွန်အရေးကြီးကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ထို့အပြင်  အကြမ်းဖက်မှုကင်းစင်သော လူ့အဖွဲ့အစည်းတစ်ရပ် ဖော်ဆောင် နိုင်ရေးအတွက် အမျိုးသမီးများသာမက အမျိုးသားများနှင့် လူမှုအသိုင်းအဝိုင်း တစ်ခုလုံးကပါ ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းခဲ့သည်။




ဟောပြောပွဲတွင်  အမျိုးသမီးများအပေါ် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ၊ စီးပွားရေး ဆိုင်ရာနှင့် အွန်လိုင်းမှတစ်ဆင့် အကြမ်းဖက်မှု စသည့်ပုံစံအမျိုးမျိုးဖြင့် အကြမ်းဖက်ခံနေရမှုများကို လူထုအကြား ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်စေရန်၊ သတိပြုမိစေရန်နှင့် ကြိုတင်တားဆီး ကာကွယ်နိုင်ရန် အသိပညာပေး ဟောပြောခဲ့သည်။




အလားတူ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနမှဦးဆောင်၍ နမ္မတူမြို့ရှိ မြို့တော်ခန်းမတွင် နမ္မတူမြို့နယ် အုပ်ချုပ်ရေးမှူးများ၊ အထက (၂) ကျောင်းမှ ဆရာမ/မများ၊ ကျောင်းသူ/သားများနှင့်အတူ အဆိုပါအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် အမျိုးသမီးအကြမ်းဖက်မှုဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို ရှင်းပြခြင်း၊  ကျား/မအခြေပြုအကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု အကြောင်းနှင့် ဌာနလုပ်ငန်းလည်ပတ်ပုံတို့ကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့အပြင် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုများ တားဆီးကာကွယ်ရန်၊ အကာအကွယ်နှင့် ပံ့ပိုးမှုများပေးရန်၊ မူဝါဒနှင့် ဥပဒေများ ပိုမိုအားကောင်းစေရန်နှင့် လူ့အဖွဲ့အစည်း တစ်ခုလုံး ပူးပေါင်းပါဝင်လာစေရန်တို့ကို ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်သည်။

ကုလသမဂ္ဂအထွေထွေညီလာခံက နိုဝင်ဘာလ (၂၅) ရက်နေ့ကို နိုင်ငံတကာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့အဖြစ် ၁၉၉၉ ခုနှစ်တွင် တရားဝင်သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာလ (၂၅) ရက်နေ့မှ စတင်ကာ ဒီဇင်ဘာလ (၁၀) ရက်နေ့အထိ "ကျား၊ မ အခြေပြု အကြမ်းဖက်မှု ပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှု" (16 Days of Activism against Gender-Based Violence) အဖြစ် ကမ္ဘာတစ်ဝန်းတွင် သတ်မှတ်လှုပ်ရှားလျက်ရှိသည်။





အဆိုပါအသိပညာပေးဟောပြောပွဲအခမ်းအနားသို့ အထွေထွေအတွင်းရေးမှူးဗိုလ်ချုပ် ဘုန်းကျော်၊ အထွေထွေအတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး ပါင်လ၊ အထွေထွေအတွင်းရေးမှူး (၃) နိုင်ဂေါင်ဂျား၊ နမ္မတူမြို့နယ်အုပ်ချုပ်ရေးမှူးများ၊ အမျိုးသမီးကော်မတီနှင့် အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနမှ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ကျောင်းသူ/သားများအပါအဝင် စုစုပေါင်း ခန့်မှန်းလူဦးရေ (၂၅၀) ဦးကျော် တက်ရောက်ခဲ့ကြသည်။

အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ်အကြမ်းဖက်မှုပပျောက်ရေးသည် အမျိုးသမီးထုတစ်ရပ် တည်း၏ အရေးကိစ္စမဟုတ်ဘဲ ငြိမ်းချမ်း၍ တရားမျှတသော လူ့အဖွဲ့အစည်းတစ်ရပ်တည်ဆောက်လို သည့် မိဘပြည်သူတိုင်း၏ တာဝန်ဖြစ်သည်။ ယနေ့ခေတ်တွင် အကြမ်းဖက်မှုပုံစံများသည် ကိုယ်ထိလက်ရောက်ကျူးလွန်မှုများသာမက ဒစ်ဂျစ်တယ်နည်းပညာနှင့် အွန်လိုင်းပလက်ဖောင်း များမှတစ်ဆင့် စိတ်ပိုင်းဆိုင်ရာထိခိုက်နစ်နာစေမှုများအထိ ပုံစံအမျိုးမျိုးဖြင့် ကျယ်ပြန့်လက်ရှိသည်။ ထို့ကြောင့် အမျိုးသားများ၊ အမျိုးသမီးများနှင့် လူမှုအသိုင်းအဝိုင်းတစ်ခုလုံးက အတူတကွ လက်တွဲ ပူးပေါင်းမှသာ အကြမ်းဖက်မှုကင်းစင်ပြီး လုံခြုံဘေးကင်းသော လူ့အဖွဲ့အစည်းတစ်ရပ်ကို အမှန်တကယ် ဖော်ဆောင်နိုင်မည်ဖြစ်ပါသည်။

Website Official
www.taangland.org

Telegram Official Channel
https://t.me/pslftnlanews

Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV

YouTube Official
https://www.youtube.com/@pslftnlanews

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နမ္မတူမြို့တွင် အမျိုးသမီးကော်မတီနှင့် အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ဦးဆောင်၍ နိုင်ငံတကာ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကျင်းပ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်