တအာင်းပြည်ရဲတပ်ဖွဲ့မှ မိုးကုတ်မြို့တွင် ဓါးပြတိုက်နေသည့်အဖွဲ့ကို လိုက်လံဖမ်းဆီးရာတွင် ပစ်ခတ်မှုဖြစ်ပွားကာ (၂)ဦး သေဆုံး၊ (၂)ဦး ဖမ်းဆီးရမိ
မိုးကုတ်၊ ဇွန်လ ၂၆ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၄)နယ်မြေ၊ မိုးကုတ်မြို့အရှေ့ပိုင်း၊ ရေလယ်ကျွန်းအနီးတွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တအာင်းပြည်ရဲတပ်ဖွဲ့မှ ဓားပြတိုက်နေသည့်အဖွဲ့ကို လိုက်လံဖမ်းဆီးရာတွင် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သောကြောင့် ဓားပြအဖွဲ့ (၂)ဦး သေဆုံးခဲ့ပြီး (၂)ဦး ဖမ်းဆီးရမိခဲ့ပါသည်။
ဖြစ်စဉ်တွင် ယနေ့ ဇွန်လ (၂၆)ရက်နေ့ နံနက် (၂း၀၀)နာရီအချိန်တွင် ဓါးပြအဖွဲ့နေထိုင်သည့်နေအိမ်ကို တအာင်းပြည် ခရိုင်ရဲတပ်ဖွဲ့နှင့် မြို့နယ်ရဲတပ်ဖွဲ့တို့မှ ဖမ်းဆီးရန်လုပ်ဆောင်နေစဉ် ထိုအဖွဲ့မှ ပစ်စတိုသေနတ်ဖြင့် ပစ်ခတ်ခဲ့ပါသည်။ ၎င်းအပြင် လက်ပစ်ဗုံး (၃)လုံးလည်း ပစ်ခတ်ခဲ့ပါသည်။
ထိုနောက်တွင် တအာင်းပြည်ရဲတပ်ဖွဲ့နှင့် ဓါးပြအဖွဲ့တို့က (၄)ကြိမ်တိုင်တိုင် အပြန်အလှန်ပစ်ခတ်ခဲ့ပြီး မင်းနိုင်(ခ)ရှိုန်းခန့်နောင်နှင့် ဦးစံအေးဆိုသူသည် သေနတ်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ပြီး သန့်စင်ထွန်း(ခ)လျှောက်ပုနှင့် ကျော်ဇင်သန့်(ခ)ပြူးကြီးတို့ကို ဖမ်းဆီးနိုင်ခဲ့ပါသည်။
အဆိုပါ ဓားပြအဖွဲ့ထံ PSLF/TNLA ဝတ်စုံတစ်စုံ၊ ပစ်စတိုသေနတ်အစစ် (၁)လက်နှင့် အတု (၃)လက်၊ လေသေနတ် (၁)လက်၊ ကျည် (၅၁)ထောင့်၊ လက်ပစ်ဗုံး (၁)လုံး၊ ငွေသားသိန်း (၁၄၀)ကျော်၊ ရွှေ၊ လက်စွပ် (၂)ကွင်း၊ ပတ္တမြားနားကပ် (၁)စုံ၊ ပတ္တမြား၊ နီလာမျိုးစုံ၊ ကျောက်မျိုးစုံ၊ ဖုန်း (၆)လုံး၊ ဆိုင်ကယ် (၃)စီး၊ ဓါးများစသည့်ဖောက်ထွင်းရေးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ထိုအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားနေစဉ်အတွင်း မိမိတို့ PSLF/TNLA တအာင်းပြည်ရဲတပ်ဖွဲ့၏ ရဲတပ်သားတစ်ဦး မြင့်မြတ်စွာ အသက်ပေးလှူကျရှုံးသွားခဲ့ပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ