1534

ကွမ်ဟယ်ကျေးရွာတွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် (၁၀)နှစ်ကလေးအပါအဝင် အမျိုးသမီး (၅)ဦးနှင့် အမျိုးသား (၁)ဦးသေဆုံး၊ ပြည်သူလူထု (၄)ဦးထိခိုက်ဒဏ်ရာရ

သတင်း
19 October 2025

ကွမ်ဟယ်ကျေးရွာတွင် စစ်ကောင်စီတပ်မှ  လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် (၁၀)နှစ်ကလေးအပါအဝင် အမျိုးသမီး (၅)ဦးနှင့် အမျိုးသား (၁)ဦးသေဆုံး၊ ပြည်သူလူထု (၄)ဦးထိခိုက်ဒဏ်ရာရ


နမ့်ဆန်၊ အောက်တိုဘာ ၁၉ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ တပ်မဟာ (၉)နယ်မြေ၊ ကွမ်ဟယ်ကျေးရွာတွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် (၁၀)နှစ်ကလေးအပါအဝင် အမျိုးသမီး (၅)ဦးနှင့် အမျိုးသား (၁)ဦးသေဆုံးသွားခဲ့ပြီး ပြည်သူလူထု (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။


စစ်ကောင်စီတပ်သည် ယမန်နေ့ ည (၈း၂၅)နာရီအချိန်၌ ပြည်သူလူထုများတည်ရှိရာကို ဦးတည်၍ ရည်ရွယ်ချက်ရှိရှိ လေကြောင်းဖြင့် နမ့်ဆန်မြို့နယ်၊ ကွမ်ဟယ်ကျေးရွာတွင် ပေါင် (၂၅၀)ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သောကြောင့် အသက် (၁၀)နှစ်အရွယ် လွေးနီလာအောင်၊ အသက် (၂၁)နှစ်အရွယ် လွေးရီရီလှိုင်၊ အသက် (၂၁)နှစ်ရွယ် လွေးဆန်းဆန်းဦး၊ အသက် (၃၅)နှစ်အရွယ် ဒေါ်အေးသောင်း၊ အသက် (၄၂)နှစ်အရွယ် ဦးသန်းကျော်နှင့် အသက် (၄၇)နှစ်အရွယ် ဒေါ်အေးဟိန်းတို့ ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။



ထိုအပြင် အသက် (၄)နှစ်အရွယ် မိုင်းကျော်ဇေယျဦး၊ အသက် (၃၃)နှစ်အရွယ် ဒေါ်အီအေးနှင့် အသက် (၆၈)နှစ်အရွယ် ဦးကျော်နှင့် အသက် (၇၇)နှစ်အရွယ် ဒေါ်စောရင်တို့ ဗုံးစထိမှန်ဒဏ်ရာရရှိကာ နေအိမ် (၂၅)အိမ်၊ ဆိုင်ကယ် (၄)စီးလည်း ထိမှန်ပျက်စီးသွားခဲ့ပါသည်။


အလားတူ စစ်ကောင်စီတပ်သည် ကျောက်မဲမြို့နယ်၊ (၁၁)မိုင်ကျေးရွာတွင် ပေါင် (၅၀၀)ဗုံး (၁)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သောကြောင့် သံဃာတော် (၂)ပါးထိခိုက်ဒဏ်ရရှိကာ ဘုန်းကြီးကျောင်း (၁)ကျောင်းနှင့် ကျောင်းဆောင်(၁)ဆောင်လည်း ထိမှန်ပျက်စီးသွားခဲ့သည်။


ယခုလ အောက်တိုဘာ (၁)ရက်နေ့မှ (၁၇)ရက်နေ့အထိ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် မန်တုံမြို့တွင် (၁)ကြိမ်၊ ကျောက်မဲမြို့တွင် (၃)ကြိမ်၊ သီပေါမြို့တွင် (၅)ကြိမ်၊ မိုင်းငေါ့မြို့တွင် (၁)ကြိမ်၊ မိုင်းလုံမြို့တွင် (၄)ကြိမ်၊ နမ့်ဆန်မြို့တွင် (၄)ကြိမ်၊ နမ္မတူမြို့တွင် (၅)ကြိမ်၊ မိုးမိတ်မြို့တွင် (၃)ကြိမ်နှင့် မိုးကုတ်မြို့တွင် (၁)ကြိမ်တို့ စုစုပေါင်း (၂၇)ကြိမ် လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။


ထိုဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ကလေး (၇)ဦး၊ အမျိုးသား (၁၁)ဦး၊ အမျိုးသမီး (၁၄)ဦးသေဆုံးခဲ့ပြီး ကလေး (၁၁)ဦး၊ အမျိုးသား (၁၄)ဦး၊ အမျိုးသမီး (၁၅)ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၁၁၃)အိမ်၊ စာသင်ကျောင်း (၃)ကျောင်း၊ ဘုန်းကြီးကျောင်း (၂)ကျောင်း၊ ကျောင်းဆောင် (၆)ဆောင်နှင့်အဆောက်အဦး (၄)ခုတို့ ထိမှန်ပျက်စီးသွားခဲ့သည်။


ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏  ဗုံးကြဲတိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေးသတိ အမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။


စစ်ကောင်စီတပ်သည် တအာင်းပြည်အတွင်းသာမက တိုင်းရင်းသားလက်နက်ကိုင်များ၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တို့မှ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သောနေရာများတွင် လူဖြင့်သော်လည်း ကောင်း၊ လက်နက်ကြီးဖြင့်သော်လည်းကောင်း၊ ဒရုန်းဖြင့်သော်လည်းကောင်း၊ လေကြောင်းဖြင့်သော် လည်း အပြစ်မဲ့ပြည်သူလူထုများအပေါ် စစ်ရာဇဝတ်မှုကျူးလွန်နေလျက်ရှိပါသည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ကွမ်ဟယ်ကျေးရွာတွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် (၁၀)နှစ်ကလေးအပါအဝင် အမျိုးသမီး (၅)ဦးနှင့် အမျိုးသား (၁)ဦးသေဆုံး၊ ပြည်သူလူထု (၄)ဦးထိခိုက်ဒဏ်ရာရ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်