1754

တအာင်းပြည်တွင် “Tealand Medical School” ဖွင့်လှစ်မည့် ဆေးပညာဘွဲ့ (M.B.,B.S) အတွက် အပတ်စဉ်(၁) ဝင်ခွင့်လျှောက်လွှာခေါ်ယူ

သတင်း / ဆောင်းပါးများ
12 February 2026

တအာင်းပြည်တွင် “Tealand Medical School” ဖွင့်လှစ်မည့် ဆေးပညာဘွဲ့ (M.B.,B.S) အတွက် အပတ်စဉ်(၁) ဝင်ခွင့်လျှောက်လွှာခေါ်ယူ


တအာင်းပြည်၊ ဖေဖော်ဝါရီ ၁၁ ရက်

တအာင်းပြည်သတင်း


တအာင်းပြည် ကျန်းမာရေးကောင်စီ လက်အောက်တွင် ဖွင့်လှစ်မည့် “Tealand Medical School” ၏ ဆေးပညာဘွဲ့ [Bachelor of Medicine, Bachelor of Surgery (M.B.,B.S)] အတွက် ဝင်ခွင့်လျှောက်လွှာများကို ယခု ဖေဖော်ဝါရီလမှ စတင်ခေါ်ယူမည်ဖြစ်ပါသည်။


အပတ်စဉ်(၁)မှာ ကျောင်းသား/သူ(၃၀) ဦးသာ လက်ခံမည်ဖြစ်ပြီး သင်တန်းကာလမှာ စာသင်နှစ် (၆) နှစ်နှင့် အလုပ်သင်ကာလ (၁) နှစ် စုစုပေါင်း (၇) နှစ်ဖြစ်သည်။




ထို ကျောင်းကို ၂၀၂၆ ခုနှစ် မေလ ၄ ရက်နေ့တွင် စတင်မည်ဖြစ်ပြီး ဝင်ခွင့်လျှောက်လွှာများကို ဖေဖော်ဝါရီ ၁၀ ရက်နေ့မှ စတင်လက်ခံကာ မတ်လ ၁၀ ရက်နေ့ နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်သည်။ လျှောက်ထားသူများအနေဖြင့် သိပ္ပံဘာသာတွဲဖြင့် တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသူများ (သို့မဟုတ်) TLEC ကျောင်းတွင် ၁၂ တန်းအောင်မြင်ထားသူများ ဖြစ်ရမည်ဖြစ်ပြီး သတ်မှတ်ထားသည့် ဘာသာရပ်အလိုက် အမှတ်အဆင့်များကို ပြည့်မှီရမည်ဖြစ်ပါသည်။


ထို့အပြင် တက္ကသိုလ်ကျောင်းပြီးဆုံးပါက တအာင်းပြည် (သို့မဟုတ်) တော်လှန်ရေးဒေသများတွင် အနည်းဆုံး (၃) နှစ် တာဝန်ထမ်းဆောင်နိုင်ရမည်ဖြစ်ပြီး ဝင်ခွင့်စာမေးပွဲများကို လူကိုယ်တိုင် လာရောက်ဖြေဆိုနိုင်ရမည်ဖြစ်သည်။




Tealand Medical School သည် ဆေးတက္ကသိုလ် (မန္တလေး) ယာယီတက္ကသိုလ်ကောင်စီ (Interim University Council – IUC), University of Medicine (Mandalay) နှင့် Ta’angland Health Council (THC) လက်အောက်ရှိ ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၏ စုပေါင်းပူးပေါင်းအားဖြင့် ဖွင့်လှစ်ထားသည့် ပညာရေးအဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။


လျှောက်လွှာများကို တအာင်းပြည်အတွင်းရှိ နမ့်ဆန်ပြည်သူ့ဆေးရုံ၊ နမ့်ခမ်းပြည်သူ့ဆေးရုံ၊ နမ္မတူပြည်သူ့ဆေးရုံ၊ မန်တုံပြည်သူ့ဆေးရုံ၊ ကွတ်ခိုင်ပြည်သူ့ဆေးရုံ၊ မိုင်းလုံပြည်သူ့ဆေးရုံ၊ မိုင်းငေါ့ပြည်သူ့ဆေးရုံနှင့် မိုင်းဝီးပြည်သူ့ဆေးရုံများတွင်ဖြစ်စေ၊ ‘Tealand Medical School’ ၏ Facebook Page Messenger မှဖြစ်စေ Application Form/Google Link ကို တောင်းခံ၍ လျှောက်ထားနိုင်ပါသည်။




တအာင်းပြည် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးတွင် လူငယ်များ၏ အခန်းကဏ္ဍသည် အရေးပါလျက်ရှိပါသည်။ ကျန်းမာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးသည်လက်ရှိအချိန်တွင် အထူးလိုအပ်လျက်ရှိပြီး ဒေသခံပြည်သူများအတွက် အရည်အသွေးမြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးစွမ်းနိုင်ရန် ဆေးပညာရှင်များနှင့် ကျန်းမာရေးဝန်ထမ်းများ လိုအပ်လျက်ရှိပါသည်။ ထို့ကြောင့် တအာင်းပြည် ပြန်လည်ထူထောင်ရေးတွင် အားတက်သရော ပါဝင်လိုသော လူငယ်များအနေဖြင့် ပညာသင်ယူ၍ မိမိတို့၏ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုများဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အားဖြည့်ကူညီပံ့ပိုးနိုင်ရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ 



Website Official 

www.taangland.org

Telegram Official Channel

https://t.me/taangtv2023

YouTube Official 

https://www.youtube.com/@pslftnlanews

Telegram Link – Ta’ang TV

https://t.me/TaangTV


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပြည်တွင် “Tealand Medical School” ဖွင့်လှစ်မည့် ဆေးပညာဘွဲ့ (M.B.,B.S) အတွက် အပတ်စဉ်(၁) ဝင်ခွင့်လျှောက်လွှာခေါ်ယူ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်