တအာင်းပြည်ပညာရေးကောင်စီ (TLEC) မှ အရည်အသွေးပြည့်ဝသော ဆရာ၊ ဆရာမများ မွေးထုတ်နိုင်ရေး ဆရာ့အတတ်ပညာ အခြေခံသင်တန်းဆင်းပွဲ ကျင်းပ
နမ့်ဆန်၊ ဇွန် ၂၉ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ နမ့်ဆန်ခရိုင်၊ နမ့်ဆန်မြို့တွင် တအာင်းပြည်ပညာရေးကောင်စီ (TLEC) မှ ဦးဆောင်ဖွင့်လှစ်သည့် ဆရာ့အတတ်ပညာ အခြေခံသင်တန်း ဆင်းပွဲအခမ်းအနားကို ဇွန်လ (၂၉) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ ပါမောက္ခ ဒေါက်တာဟောည်,၊ နမ့်ဆန်မြို့နယ် ပညာရေးမှူး ဦးမောင်မောင်လေး၊ TLEC အတွင်းရေးမှူး၊ တွဲဖက်ဒါရိုက်တာများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် သင်တန်းသူ၊ သင်တန်းသားများ အပါအဝင် စုစုပေါင်း လူဦးရေ (၂၀၀) နီးပါး တက်ရောက်ခဲ့ကြသည်။

အဆိုပါ သင်တန်းကို ဧပြီလ (၂၈) ရက်နေ့မှ ဇွန်လ (၂၈) ရက်နေ့အထိ (၂) လကြာ ဖွင့်လှစ်ခဲ့ပြီး ဆရာတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ရာတွင် လိုအပ်သော အခြေခံဆရာ့အတတ်ပညာများကို စနစ်တကျ သင်ကြားပို့ချပေးခဲ့သည်။ ဆရာ့အတက်ပညာ အခြေခံသင်တန်းတွင် သင်တန်းသူ (၁၀၃) ဦးနှင့် သင်တန်းသား (၄၆) ဦး၊ စုစုပေါင်း (၁၄၉) ဦး အောင်မြင်စွာ သင်တန်းပြီးမြောက်ခဲ့ကြသည်။
သင်တန်းအတွင်း Education Theory၊ Educational Psychology၊ Myanmar၊ English၊ Mathematics၊ Science၊ Social Studies၊ Physical Education၊ Performing Arts (Music)၊ Visual Arts၊ Local Curriculum (Agriculture, DS, IS) နှင့် Practice Teaching (Practicum) အပါအဝင် အဓိကဘာသာရပ် (၁၂) ခုကို သင်ကြားပို့ချပေးခဲ့သည်။

ထို့အပြင် သင်တန်းကာလအတွင်း နည်းပြဆရာ၊ ဆရာမများနှင့် သင်တန်းသူ၊ သင်တန်းသားများအား စာပေထူးချွန်ဆု၊ သရုပ်ပြသင်ကြားမှုအကောင်းဆုံးဆု (မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ လူမှုရေး၊ သိပ္ပံ)၊ ပန်းချီအနုပညာအကောင်းဆုံးဆု၊ သင်ထောက်ကူဖန်တီးမှု အကောင်းဆုံးဆု၊ ကြက်တောင်အားကစား အကောင်းဆုံးဆု၊ ခြင်းလုံးအားကစား အကောင်းဆုံးဆုနှင့် အတန်းလိုက်ကာယသရုပ်ပြမှု အကောင်းဆုံးဆုများကို ချီးမြှင့်ပေးအပ်ခဲ့သည်။

TLEC အနေဖြင့် အဆိုပါသင်တန်းကို ဆရာ၊ ဆရာမများအတွက် မဖြစ်မနေလိုအပ်သော အခြေခံဆရာ့အတတ်ပညာများ တတ်မြောက်စေရန်၊ ဆရာ့အတတ်ပညာသင်တန်း မတက်ရောက်ဖူးသူများအား သင်ယူခွင့်ရရှိစေရန်၊ အရည်အသွေးပြည့်ဝသည့် ဆရာ၊ ဆရာမများကို လေ့ကျင့်ပျိုးထောင်ပေးရန်နှင့် ဆရာ့အတတ်ပညာဆိုင်ရာ စဉ်ဆက်မပြတ် လေ့လာသင်ယူနိုင်မည့် အခွင့်အလမ်းများ ဖန်တီးပေးရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ