တအာင်းကျန်းမာရေးအဖွဲ့အစည်းမှ နမ့်ဆန်နှင့် မန်တုံမြို့နယ်ရှိ မွေးမိခင်နှင့် (၅) နှစ်အောက် ကလေးငယ်များကို ကူညီငွေ ထောက်ပံ့ပေးအပ်သွားမည်
နမ့်ဆန်၊ သြဂုတ်၂၄ ရက်
တအာင်းပြည်သတင်း
တအာင်းကျန်းမာရေးအဖွဲ့အစည်း (Taang Health Organization) မှ မိခင်နှင့် ကလေးသေဆုံးမှုနှုန်း လျော့ချရန်နှင့် စနစ်ကျသော ဆေးဝါးကုသမှုခံယူသည့် အလေ့အထတိုးတက်လာစေရန်ရည်ရွယ်၍ နမ့်ဆန်နှင့် မန်တုံမြို့နယ်အတွင်းရှိ မွေးမိခင်နှင့် (၅) နှစ်အောက်ကလေးငယ်များအား ကူညီငွေ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သြဂုတ်လ (၂၄) ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။
အဆိုပါ ထောက်ပံ့ကြေးကို (၃) လလျှင် တစ်ကြိမ် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး ယခုအကြိမ်တွင် ဇူလိုင်၊ သြဂုတ်နှင့် စက်တင်ဘာလအတွင်း ဆေးရုံဆင်းခဲ့သည့် လူနာများကိုသာ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်သည်။ တအာင်းကျန်းမာရေးအဖွဲ့အစည်း၏ ကျန်းမာရေးဆိုင်ရာ ကြိုတင်ကာကွယ်ရေးနှင့် မြှင့်တင်ရေးဌာနအောက်တွင် ဆေးရုံတက်ရောက် ကုသမှုခံယူခဲ့သည့် မွေးမိခင်များနှင့် (၅) နှစ်အောက် ကလေးငယ်များအတွင်းမှ သတ်မှတ်ချက်နှင့်ကိုက်ညီသူများအား ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

ထို့သတ်မှတ်ချက်များသည် မီးဖွားရခက်ခဲခြင်း၊ မီးဖွားစဉ် (သို့မဟုတ်) မီးဖွားပြီးနောက် သွေးလွန်ခြင်း၊ ကိုယ်ဝန်ဆောင်စဉ် သွေးတိုးရောဂါဖြစ်ခြင်း၊ သားပျက်/သားလျှောခြင်း၊ သားအိမ်ပြင် ပဋိသန္ဓေတည်ခြင်း၊ မီးဖွားပြီး ပိုးဝင်ခြင်း၊ ရေမြွှာစောစီးစွာပေါက်ခြင်း၊ လမစေ့ဘဲ မီးဖွားခြင်းနှင့် နောက်ဆက်တွဲ ရောဂါအခံပါရှိသည့် အန္တရာယ်ရှိ ကိုယ်ဝန်ဆောင်များ ဖြစ်ကြသည်။
၎င်းအပြင် ပြင်းထန် အဆုတ်ရောင်နှင့် အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါများ၊ သွေးလွန်တုပ်ကွေး၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော၊ မွေးကင်းစကလေး အရေးပေါ်အခြေအနေများ၊ အာဟာရနှင့် ဗီတာမင်ချို့တဲ့ခြင်း၊ ဖျားပြီးတက်ခြင်း၊ ငှက်ဖျား၊ မတော်တဆ ထိခိုက်ဒဏ်ရာများနှင့် အရေးပေါ်ခွဲစိတ်ကုသရသည့် (၅) နှစ်အေက် ကလေးငယ်များကိုလည်း ထောက်ပံ့ပေးသွားမည်ဖြစ်သည်။
ယင်းထောက်ပံ့ငွေ လျှောက်ထားရယူလိုသူများအနေဖြင့် ဆေးရုံဆင်းစာအုပ် ယူဆောင်၍ နမ္မတူမြို့တွင် လူကိုယ်တိုင် လာရောက်ထုတ်ယူနိုင်ခြင်း၊ ဖုန်း/Viber (09-893988585) (သို့မဟုတ်) THO Facebook Page Messenger မှတစ်ဆင့်လည်း ဆက်သွယ်ထုတ်ယူနိုင်ကြောင်းနှင့် အဆိုပါ ထောက်ပံ့ငွေများကို စက်တင်ဘာလအထိ မည်သည့်အချိန်မဆို လာရောက်ထုတ်ယူနိုင်ကြောင်း ထုတ်ပြန်အသိပေးထားသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ