2105

(၅၄) နှစ်ပြည့် တအာင်းစာပေနေ့အထိမ်းအမှတ်ကို တအာင်းပြည်အတွင်းသာမက ပြည်ပရောက်တအာင်းလူငယ်များလည်း အခမ်းအနားကို စည်းကားသိုက်မြိုက်စွာ ကျင်းပပြီးစီး

သတင်း
31 August 2026

(၅၄) နှစ်ပြည့် တအာင်းစာပေနေ့အထိမ်းအမှတ်ကို တအာင်းပြည်အတွင်းသာမက ပြည်ပရောက်တအာင်းလူငယ်များလည်း အခမ်းအနားကို စည်းကားသိုက်မြိုက်စွာ ကျင်းပပြီးစီး


နမ့်ဆန်၊ သြဂုတ် ၃၁ ရက်

တအာင်းပြည်သတင်း 


တအာင်းလူမျိုးတို့၏ ဘာသာစကား၊ စာပေနှင့် ယဉ်ကျေးမှု အမွေအနှစ်များကို ဂုဏ်ပြုသည့်အနေဖြင့် သြဂုတ်လ (၃၀) ရက်နေ့တွင် ကျရောက်သည့် (၅၄) နှစ်ပြည့် တအာင်းစာပေနေ့အထိမ်းအမှတ်ကို တအာင်းပြည်အတွင်းရှိ မြို့နယ်အသီးသီး၊ ဌာနဆိုင်ရာများ၊ တအာင်းပြည် ပညာရေးကောင်စီ-TLEC မှ ဦးစီးဖွင့်လှစ်သည့် စာသင်ကျောင်းများနှင့် ပြည်ပရောက်တအာင်းလူငယ်များလည်း အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။

အဆိုပါ အထိမ်းအမှတ်အခမ်းအနားများကို မူဆယ်၊ ကွတ်ခိုင်၊ လာရှိုး၊ နမ္မတူ၊ မန်တုံ၊ နမ့်ဆန်၊ မိုင်းဝီး၊ မိုင်းလုံနှင့် မိုင်းငေါ့မြို့နယ်များအပြင် ထိုင်းနိုင်ငံရောက် တအာင်းလူမျိုးများက အသီးသီး ကျင်းပခဲ့ကြခြင်းဖြစ်သည်။ ထို့ပြင် နမ့်ခမ်းမြို့တွင်လည်း တအာင်းစာပေအဖွဲ့-TLA မှ ဦးဆောင်၍ ပြည်သူလူထုများနှင့်အတူ ခမ်းနားစွာ ကျင်းပခဲ့ကြသည်။


နမ့်ခမ်းမြို့၌ ပြုလုပ်ခဲ့သောအခမ်းအနားတွင် တအာင်းမိခင်စာပေ ထိန်းသိမ်းမြှင့်တင်ရေးအတွက် ကဗျာ၊ ဆောင်းပါး၊ ဘာသာပြန်နှင့် ကာတွန်းပြိုင်ပွဲများ၊ ဟောပြောပွဲများ၊ ရိုးရာအကအလှနှင့် သရုပ်ပြဖျော်ဖြေပွဲများ ပါဝင်ခဲ့ပြီး ထူးချွန်ဆုရရှိသူများကို ဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့ပြင် တအာင်းစာပေနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် မြို့နယ်အသီးသီးတွင် ဘောလုံးပြိုင်ပွဲများကိုလည်း ကျင်းပခဲ့ကြသည်။


တအာင်းစာပေနှင့် ယဉ်ကျေးမှု ရေရှည်ထိန်းသိမ်းရေးအတွက် သြဂုတ်လ (၂၈) ရက်မှ (၂၉) ရက်နေ့အထိ တအာင်းစာပေညီလာခံကို ကျင်းပခဲ့ပြီး တအာင်းရုံးသုံးစာ၏ အခြေခံမူ (၁၀) ချက်ကို အတည်ပြု ကျင့်သုံးရန် သဘောတူခဲ့ကြသည်။


ထို့ပြင် TLEC ၏ သင်ရိုးညွှန်းတမ်းတွင် တအာင်းရုံးသုံးစာကို အထက်တန်းအဆင့်အထိ သင်ကြားပို့ချ နိုင်ရေး စနစ်တကျ ပြုစုပျိုးထောင်ရန်၊ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များအကြား အနီးကပ် ပူးပေါင်း ဆောင်ရွက်ရန်နှင့် တအာင်းစာအဖွဲ့၌ တတ်သိပညာရှင်များဖြင့် လူ့စွမ်းအားအရင်းအမြစ် ပိုမို ဖြည့်တင်းသွားရန် စသည့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ဆုံးဖြတ်ချက်များကိုလည်း တစ်ညီတစ်ညွတ်တည်း အတည်ပြုခဲ့ကြသည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: (၅၄) နှစ်ပြည့် တအာင်းစာပေနေ့အထိမ်းအမှတ်ကို တအာင်းပြည်အတွင်းသာမက ပြည်ပရောက်တအာင်းလူငယ်များလည်း အခမ်းအနားကို စည်းကားသိုက်မြိုက်စွာ ကျင်းပပြီးစီး
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်