2138

တအာင်းပြည်ကျန်းမာရေးကောင်စီ (THC) မှ တီဘီ နှင့် HIV ရောဂါကာကွယ်ကုသရေးအတွက် အရှိန်မြှင့် ဆောင်ရွက်လျက်ရှိ

သတင်း
10 September 2026

တအာင်းပြည်ကျန်းမာရေးကောင်စီ (THC) မှ တီဘီ နှင့် HIV ရောဂါကာကွယ်ကုသရေးအတွက် အရှိန်မြှင့် ဆောင်ရွက်လျက်ရှိ

 

နမ့်ဆန်၊ စက်တင်ဘာ ၁၀ ရက်

တအာင်းပြည်သတင်း

 

တအာင်းပြည်အတွင်း ပြည်သူများ ကျန်းမာစွာ သက်တမ်းစေ့နေထိုင်နိုင်ရေးနှင့် တီဘီ (TB)၊ အိတ်ခ်ျအိုင်ဗွီ (HIV) ရောဂါကာကွယ်ကုသရေးအတွက် တအာင်းပြည်ကျန်းမာရေးကောင်စီ (THC) မှ ၂၀၂၄ ခုနှစ် ဇူလိုင်လမှစတင်ကာ ရောဂါကာကွယ်ရေး၊ စောစီးစွာ ရောဂါရှာဖွေကုသရေးနှင့် လူနာများ ဆေးကုသမှုမပြတ်တောက်စေရေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

 

တီဘီ (TB) လူနာများအား ဆေးကုသမှုပေးရာတွင် ရောဂါအခြေအနေပေါ်မူတည်၍ တစ်လ တစ်ကြိမ်၊ သုံးလ တစ်ကြိမ် (သို့မဟုတ်) ခြောက်လ တစ်ကြိမ် ဆေးဝါးများ ထောက်ပံ့ပေးပြီး အနည်းဆုံး ခြောက်လလျှင် တစ်ကြိမ် ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပေးလျက်ရှိသည်။ ဆေးယဉ်ပါးတီဘီ (MDR-TB) ဖြစ်ပွားပါက လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်ပေးကာ အထူးကုသမှုရရှိနိုင်သည့် ဆေးရုံများသို့ လွှဲပြောင်းပေးမည်ဖြစ်သည်။

 

ထို့အပြင် အိတ်ခ်ျအိုင်ဗွီ (HIV) လူနာများအတွက် အသည်းနှင့် ကျောက်ကပ်စွမ်းဆောင်ရည် (Function) များကို စစ်ဆေးပေးပြီး ဆရာဝန်ညွှန်ကြားချက်အတိုင်း ART ဆေးဝါးများ ထောက်ပံ့ပေးလျက်ရှိသည်။ တီဘီ (TB) နှင့် အိတ်ခ်ျအိုင်ဗွီ (HIV) လူနာများအနေဖြင့် ဆေးကုသမှုမပြတ်တောက်စေရန် ခရီးအကွာအဝေးပေါ် မူတည်၍ ဆေးရုံမှ ခရီးစရိတ်များ စီစဉ်ပေးလျက်ရှိသည်။

 



၂၀၂၆ ခုနှစ် ဩဂုတ်လအတွင်း နမ့်ခမ်း၊ နမ့်ဆန်နှင့် နမ္မတူ မြို့နယ်ဆေးရုံများတွင် တီဘီ (TB) နှင့် အိတ်ခ်ျအိုင်ဗွီ (HIV) ရောဂါ လာရောက်စစ်ဆေးကုသသူများအပါအဝင် စုစုပေါင်း လူနာ (၁,၇၉၀) ဦးခန့်အား ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးဝါးများ ထောက်ပံ့ကုသပေးနိုင်ခဲ့သည်။

 

ထို့ပြင် ကိုယ်ဝန်ဆောင်မိခင်တွင် အိတ်ခ်ျအိုင်ဗွီ (HIV) ရောဂါပိုးတွေ့ရှိပါက မိခင်မှ ကလေးသို့ ရောဂါမကူးစက်စေရန်အတွက် ART ဆေးဝါးဖြင့် ဗိုင်းရပ်စ်ပိုးကို ထိန်းချုပ်ပေးပြီး ကလေးမွေးဖွားပြီးပါက ကလေးငယ်အား (၆) ပတ်မှ (၁၈) လအထိ ဆေးဝါးဖြင့် ကုသပေးပါသည်။

 

တအာင်းပြည်ကျန်းမာရေးကောင်စီသည် ကျေးရွာများနှင့် မြို့များအတွင်း သုံးလ တစ်ကြိမ် ကွင်းဆင်း၍ ရောဂါရှာဖွေခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ မိသားစုဝင်များအကြား ရောဂါကူးစက်မှုမရှိစေရန် လူနာများ၏ ပါတနာများနှင့် မိသားစုဝင်များကို ရောဂါသံသယရှိသူများအဖြစ် စစ်ဆေးပေးခြင်းနှင့် နှစ်သိမ့်ဆွေးနွေးပေးခြင်းများကိုလည်း ပူးတွဲဆောင်ရွက်ပေးလျက်ရှိသည်။

 

တအာင်းပြည်အတွင်းရှိ မိဘပြည်သူများအနေဖြင့် နှစ်ပတ်ထက်ပို၍ ချောင်းဆိုးခြင်း၊ သလိပ်တွင် သွေးပါခြင်း၊ ညဘက်ချွေးထွက်ခြင်း၊ ကိုယ်အလေးချိန်ကျဆင်းခြင်း၊ အစားအသောက်ပျက်ခြင်း၊ ရင်ဘတ် (သို့မဟုတ်) ကျောအောင့်ခြင်းနှင့် မောပန်းလွယ်ခြင်း စသည့်လက္ခဏာများ ခံစားရပါက တီဘီရောဂါရှိ၊ မရှိ စောစီးစွာ စစ်ဆေးနိုင်ရန် နီးစပ်ရာ ကျန်းမာရေးဌာနသို့ သွားရောက်ပြသကြရန် အထူးလိုအပ်ပါသည်။ WHO ကလည်း အချိန်ကြာမြင့်စွာ ချောင်းဆိုးခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အားနည်းခြင်း၊ ကိုယ်အလေးချိန်ကျခြင်းနှင့် ညဘက်ချွေးထွက်ခြင်းတို့ကို TB ရောဂါ၏ အဖြစ်များသောလက္ခဏာများအဖြစ် ဖော်ပြထားပြီး စောစီးစွာ ဆေးကုသမှုခံယူရန် အကြံပြုထားသည်။

 

လက်ရှိတွင် နမ့်ခမ်း၊ နမ့်ဆန်နှင့် နမ္မတူ မြို့နယ်ဆေးရုံများတွင် တီဘီ (TB) နှင့် အိတ်ခ်ျအိုင်ဗွီ (HIV) ရောဂါများအတွက် လာရောက်စစ်ဆေးကုသနိုင်ပြီး အခြားမြို့နယ်များမှ လူနာများအနေဖြင့်လည်း နီးစပ်ရာ ကျန်းမာရေးဌာနများတွင် မပျက်မကွက် လာရောက်ပြသကုသမှုခံယူကြရန် တအာင်းပြည်ကျန်းမာရေးကောင်စီမှ တိုက်တွန်းထားသည်။

 



အိတ်ခ်ျအိုင်ဗွီ (HIV) သည် လူ၏ ခုခံအားစနစ်ကို တိုက်ခိုက်သည့် ဗိုင်းရပ်စ်ပိုးဖြစ်ပြီး မကုသဘဲထားပါက ရောဂါ၏ နောက်ဆုံးအဆင့်ဖြစ်သည့် အေအိုင်ဒီအက်စ် (AIDS) သို့ ရောက်ရှိနိုင်သည်။ HIV သည် သွေး၊ သုတ်ရည်၊ မိန်းမကိုယ်မှထွက်သောအရည်နှင့် မိခင်နို့ကဲ့သို့သော ခန္ဓာကိုယ်အရည်များမှတစ်ဆင့် ကူးစက်နိုင်ပြီး မိခင်မှ ကလေးသို့လည်း ကိုယ်ဝန်ဆောင်ချိန်၊ မွေးဖွားချိန် (သို့မဟုတ်) နို့တိုက်ကျွေးချိန်တွင် ကူးစက်နိုင်သည်။ ART ဖြင့် HIV ကို ထိန်းချုပ်ကုသနိုင်ပြီး HIV ရှိသူများအနေဖြင့် ရေရှည်ကျန်းမာစွာ နေထိုင်နိုင်သည်။

 

HIV ပိုးရှိသူများတွင် ခုခံအားစနစ် အားနည်းလာခြင်းကြောင့် တီဘီ (TB) အပါအဝင် အခြားအခွင့်အရေးယူရောဂါများ (Opportunistic Infections-OI) ဖြစ်ပွားနိုင်ခြေ မြင့်မားသည်။ WHO ၏ အချက်အလက်များအရ HIV ရှိသူများသည် HIV မရှိသူများထက် TB ရောဂါဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားပြီး TB သည် HIV ရှိသူများတွင် အဓိကအသက်ဆုံးရှုံးစေသည့် ရောဂါများထဲမှ တစ်ခုဖြစ်သည်။


တီဘီ (TB) ရောဂါသည် Mycobacterium tuberculosis ဘက်တီးရီးယားကြောင့် ဖြစ်ပွားပြီး အဆုတ်ကို အများဆုံးထိခိုက်စေကာ အဆုတ်တီဘီရှိသူများ ချောင်းဆိုးခြင်း၊ နှာချေခြင်း (သို့မဟုတ်) တံတွေးထွေးခြင်းတို့မှတစ်ဆင့် လေအတွင်းသို့ ပျံ့နှံ့သော ပိုးမွှားများကို ရှူရှိုက်မိခြင်းမှ ကူးစက်နိုင်သည်။ အဆုတ်အပြင် ကျောက်ကပ်၊ ဦးနှောက်၊ ကျောရိုးနှင့် အခြားခန္ဓာကိုယ်အစိတ်အပိုင်းများကိုလည်း ထိခိုက်နိုင်သည်။

 

တီဘီ (TB) ရောဂါသည် သတ်မှတ်ထားသည့် ကုသမှုကာလအတိုင်း ဆရာဝန်ညွှန်ကြားချက်နှင့်အညီ ဆေးဝါးများကို မပျက်မကွက် သောက်သုံးပါက ကုသပျောက်ကင်းနိုင်သည့် ရောဂါဖြစ်သည်။ အိတ်ခ်ျအိုင်ဗွီ (HIV) ရောဂါမှာ လက်ရှိအချိန်အထိ ပျောက်ကင်းစေသည့် ကုသမှုမရှိသေးသော်လည်း ART ဆေးဝါးများဖြင့် ဗိုင်းရပ်စ်ပိုးပွားမှုကို ထိန်းချုပ်နိုင်ပြီး ကျန်းမာစွာ ရေရှည်နေထိုင်နိုင်သည်။

 

WHO ၏ ၂၀၂၆ ခုနှစ် ဇူလိုင်လ ထုတ်ပြန်ချက်အရ ၂၀၂၅ ခုနှစ်ကုန်တွင် ကမ္ဘာတစ်ဝန်း HIV ဖြင့် အသက်ရှင်နေသူ ခန့်မှန်းခြေ (၄၁) သန်းရှိပြီး HIV နှင့် ဆက်စပ်သည့်အကြောင်းရင်းများကြောင့် စတင်ဖြစ်ပွားချိန်မှစ၍ အသက်ဆုံးရှုံးခဲ့သူ ခန့်မှန်းခြေ (၄၄.၂) သန်းရှိသည်။ ၂၀၂၅ ခုနှစ်တစ်နှစ်အတွင်း HIV နှင့် ဆက်စပ်သည့် အကြောင်းရင်းများကြောင့် သေဆုံးသူ ခန့်မှန်းခြေ (၅၇၀,၀၀၀) ဦးရှိပြီး HIV ကူးစက်ခံရသူအသစ် ခန့်မှန်းခြေ (၁.၂) သန်းရှိခဲ့သည်။


Website Official

www.taangland.org


Telegram Official Channel

https://t.me/pslftnlanews


Telegram Link – Ta’ang TV

https://t.me/pslftnlaTaangTV


YouTube Official

https://www.youtube.com/@pslftnlanews


#PSLF/TNLA

#သတငးနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပြည်ကျန်းမာရေးကောင်စီ (THC) မှ တီဘီ နှင့် HIV ရောဂါကာကွယ်ကုသရေးအတွက် အရှိန်မြှင့် ဆောင်ရွက်လျက်ရှိ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်