1905

နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာတွင် သိုလှောင်ထားသည့် ယမ်းပျော့များ မတော်တဆပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူနှင့် သေဆုံးသူစာရင်း ထုတ်ပြန်ခြင်း

ထုတ်ပြန်ချက်
01 June 2026

နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာတွင် သိုလှောင်ထားသည့် ယမ်းပျော့များ မတော်တဆပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူနှင့် သေဆုံးသူစာရင်း ထုတ်ပြန်ခြင်း

နမ့်ခမ်း၊ ဇွန်လ ၁ ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ နမ့်ခမ်းခရိုင်၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာအတွင်း မိုင်းတွင်းကျောက်ထုတ်လုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် သိုလှောင်ထားသော ယမ်းပျော့များ မတော်တဆ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါသည်။

အဆိုပါ ပေါက်ကွဲမှုနှင့်ပတ်သက်၍ ၂၀၂၆ ခုနှစ် ဇွန်လ ၁ ရက်နေ့ ညနေ (၇) နာရီအထိ ရရှိထားသော စာရင်းများအရ သေဆုံးသူ (၄၃) ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ (၁၁၂) ဦး ရှိပါသည်။ သို့သော် လက်ရှိအချိန်အထိ ကယ်ဆယ်ရေးနှင့် စာရင်းကောက်ယူရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ပါသည်။

ထိခိုက်ဒဏ်ရာရရှိသူများအတွက် လိုအပ်သည့် ဆေးဝါးများကို ပြည့်စုံလုံလောက်စွာ စီစဉ်ပံ့ပိုးပေးထားပြီး ဆရာဝန်၊ ဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများကလည်း အချိန်နှင့်တပြေးညီ ကုသစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိပါသည်။ ထို့အပြင် ဘေးသင့်ပြည်သူများအား အခမဲ့ကျန်းမာရေးဝန်ဆောင်မှုများ၊ အစားအသောက်နှင့် အဝတ်အထည်များကိုလည်း ဆက်လက်ဖြည့်ဆည်းပေးလျက်ရှိပါသည်။

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အနေဖြင့် ထိခိုက်နစ်နာဆုံးရှုံးခဲ့ရသော မိဘပြည်သူများအတွက် ကယ်ဆယ်ရေးလုပ်ငန်းများ၊ ကျန်းမာရေးကုသစောင့်ရှောက်မှုများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။

ထို့ပြင် ဘေးသင့်ပြည်သူများအား လိုအပ်သော အကူအညီများ ပိုမိုရရှိနိုင်ရေးအတွက် ဒေသတွင်း လူမှုကူညီရေးအသင်းအဖွဲ့များ၊ စေတနာ့ဝန်ထမ်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသကဲ့သို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ရရှိနိုင်ရေးအတွက်လည်း ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာတွင် သိုလှောင်ထားသည့် ယမ်းပျော့များ မတော်တဆပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူနှင့် သေဆုံးသူစာရင်း ထုတ်ပြန်ခြင်း
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ တအာင်းတပ်မတော် ထုတ်ပြန်ချက်

မှတ်ချက်များ
သင်၏ ထင်မြင်ချက်