ဧပြီလအတွင်း တအာင်းစာအဖွဲ့-TLAမှ တအာင်းပြည်အတွင်းရှိ ကျေးရွာ (၅)ရွာကို အခြေခံတအာင်းရုံးသုံးစာ သင်တန်းဖွင့်လှစ်ပြီးစီးနိုင်ခဲ့
တအာင်းပြည်၊ မေလ ၃ရက်
တအာင်းပြည်၊ နမ့်ခမ်း၊ မန်တုံ၊ မိုးမိတ်နှင့် မိုးကုတ်မြို့နယ်ရှိ ကျေးရွာ (၅)ရွာကို တအာင်းစာအဖွဲ့ - TLAမှ အခြေခံတအာင်းရုံးသုံးစာ သင်တန်းဖွင့်လှစ်သင်ကြားပေးခဲ့ပြီး သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ပေးခဲ့ပြီးဖြစ်သည်။
အဆိုပါကျေးရွာများတွင် နမ့်ခမ်းမြို့နယ်မှ ကောင်းခေးကျေးရွာ၊ မန်လုံကျေးရွာ၊ မန်တုံမြို့နယ်မှ ရေပုံကျေးရွာ၊ မိုးမိတ်မြို့နယ် ပလောင်ကုန်းကျေးရွာနှင့် မိုးကုတ်မြို့နယ်မှ ပတ္တမြားရှိုးကျေးရွာတို့ဖြစ်ကြသည်။ ထိုကျေးရွာများမှ သင်တန်းသား (၂၂၀)ဦး နှင့် သင်တန်းသူ (၃၄၅)ဦးတို့မှ တက်ရောက်သင်ကြားခဲ့ပြီး သင်တန်းပြီးမြောက်ကြောင့် သင်တန်းဆင်းလက်မှတ် (Certificates)များကို ချီးမြင့်ပေးခဲ့သည်။
ပြီးခဲ့သည့် မတ်လအတွင်းလည်း တအာင်းစာအဖွဲ့-TLAမှ နမ့်ဆန်မြို့နယ်နှင့် မိုင်းငေါ့မြို့နယ်တို့မှ ကျောင်းသား/သူ စုစုပေါင်း (၂၄၆)ဦးတို့ကို အခြေခံတအာင်းရုံးသုံးစာ သင်တန်းဖွင့်လှစ်သင်ကြားပေးခဲ့သည်။
အခြေခံတအာင်းရုံးသုံးစာ သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်သည် တအာင်းရုံးသုံးစာ/ စကားပြန့်ပွားရေး၊ တအာင်းမျိုးနွယ်စုများ စကားလုံးအသုံးနှုန်း ဝေါဟာရတူညီခြင်း၊ တအာင်းပညာရေးဌာနဆိုင်ရာ တအာင်းစာပေ ထည့်သွင်းသင်ကြားနိုင်ခြင်း၊ တအာင်းမိခင်ဘာသာစကား မပပျောက်ခြင်း၊ တအာင်းအဖွဲ့အစည်းဌာနဆိုင်ရာဝန်ထမ်းများနှင့် ရုံးဌာနတိုင်း တအာင်းရုံးသုံးစာဘာသာဖြင့် အသုံးပြုနိုင်ခြင်း၊ တအာင်းစာအုပ်စာပေ ပုံနှိပ်မဂ္ဂဇင်းစာအုပ်များ ထုတ်ဝေနိုင်ခြင်း၊ တအာင်းပညာရေးကျောင်းအတွင်း တအာင်းစာပေဘာသာရပ်များ ပိုမိုသင်ကြားပေးရန်အတွက် ဆရာ/ဆရာမ ဝန်ထမ်းများ မွေးထုတ်နိုင်ရန် ရည်ရွယ်ပြီး ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ