နောင်ချိုမြို့နယ် ချိုခမ်းဘုန်းကြီး ကျောင်းရှိ စစ်ဘေးရှောင်များအား လုံခြုံဘေးကင်းသော နေရာသို့ ရွှေ့ပြောင်းစေခြင်းအပေါ် ရှင်းလင်းခြင်း
တအာင်းပြည်၊ မေလ ၂၃ရက်
တအာင်းပြည်၊ နောင်ချိုမြို့နယ်၊ အုမ္မတီး၊ အုမ္မခါးစသည့် ကျေးရွာများသည် လက်ရှိ စစ်ကောင်စီတပ်နှင့် TNLA တို့ တိုက်ပွဲပြင်းထန်နေသည့် ကျေးရွာများဖြစ်သည်။ ထိုပြင် စစ်ကောင်စီဘက်မှ နေ့စဉ်ဆက်တိုက် တောင်ခမ်းအနီးရှိ ကျေးရွာများနှင့် အုမ္မတီး၊ အုမ္မခါးစသည့် ကျေးရွာနေအိမ်များ၊ ဘာသာရေးအဆောက် အအုံများတို့ မီးရှို့ဖျက်ဆီးခြင်း၊ လေကြောင်းဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ အရပ်သားပြည်သူများအား ရည်ရွယ် ချက်ရှိရှိ ဦးတည် ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်။
ထိုကြောင့် PSLF/TNLAသည် တိုက်ပွဲကာလအတွင်း အရပ်သားမိဘပြည်သူများ၏ ဘေးကင်းလုံခြုံရေး နှင့် အသက်ဘေးအန္တရာယ်များ လွတ်မြောက်စေရန် ရည်ရွယ်ပြီး နောင်ချိုမြို့နယ်ရှိ ချိုခမ်းဘုန်းကြီး ကျောင်းတွင် နေထိုင်သည့် စစ်ဘေးရှောင် (၁၀၀)ကျော်အား ဘေးကင်းလုံခြုံသည့်နေရာသို့ ခေတ္တရွေ့ပြောင်းနေထိုင်ကြပါရန် မေတ္တာရပ်ခံ ကြိုတင်အသိပေးအပ်ခဲ့ပါသည်။
၎င်းနောက် ချိုခမ်းဘုန်းကြီးကျောင်းတွင် နေထိုင်သည့် စစ်ဘေးရှောင်များအား မိဘပြည်သူများ၏ ဘေးကင်းလုံခြုံရေးအတွက် လုံခြုံဘေးကင်းမည့်နေရာသို့ အလျင်အမြန် ပြောင်းရွေ့စေခြင်းဖြစ်ပါသည်။
သျှမ်းသံတော်ဆင့် Shan News( Burma Version)မှ နောင်ချိုမြို့နယ် ချိုခမ်းဘုန်းကြီးကျောင်းမှ စစ်ဘေးဒုက္ခသည်များကို TNLAက ပြောင်းရွေ့ခိုင်းဟု လုံခြုံရေးကိစ္စအကြောင်းရင်းမှန်ကို သေချာလေ့လာစုံစမ်းခြင်းမရှိဘဲ ဒေသခံပြည်သူများ အထင်လွဲမှားမှုဖြစ်စေရန် မေလ (၂၂)ရက်နေ့တွင် သတင်းရေးသားခဲ့ပါသည်။
မိမိတို့အဖွဲ့အစည်းအနေဖြင့် တိုက်ပွဲဖြစ်ပွားသည့်နေရာတွင် ဒေသခံမိဘပြည်သူများ၏ အသက်ဘေးကင်းလုံခြုံရေးကိုသာ စီမံဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းအသိပေးအပ်ပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ