ဇူလိုင်လအတွင်း ကျေးရွာပေါင်း (၉)ရွာကို PSLF/TNLA အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ကွင်းဆင်းအသိပညာပေးမှုပြုလုပ်ခဲ့
တအာင်းပြည်၊ ဇူလိုင်လ ၂၈ရက်
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၏ ဌာနတစ်ခုဖြစ်သည့် အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနသည် ဇူလိုင်လတစ်လအတွင်းကျေးရွာပေါင်း (၉)ရွာရှိ ပြည်သူလူထုများထံ အသိပညာပေးမှုများ ကွင်းဆင်းပြုလုပ်ဆောင်ရွက်နိုင်ခဲ့သည်။
ထိုအသိပညာပေးမှုကွင်းဆင်းရာတွင် နမ့်ဆန်မြို့နယ်ရှိကျေးရွာ (၆)ရွာ၊ မန်တုံမြို့နယ်ရှိ ကျေးရွာ (၁)ရွာ၊ နမ္မတူမြို့နယ်ရှိ ကျေးရွာ (၁)ရွာနှင့် မိုင်းလုံမြို့နယ်ရှိ ကျေးရွာ (၁)ရွာ တို့ဖြစ်ကြသည်။
အဆိုပါမြို့နယ် (၄)ခုမှ ပြည်သူလူထုစုစုပေါင်း လူဦးရေ (၅၁၁)ဦးကို အမျိုးသမီးနှင့် အခွင့်အရေး၊ အမျိုးသမီးနှင့် အမွေဆက်ခံခြင်း၊ အမျိုးသမီးနှင့် ကျန်းမာရေး၊ အမျိုးသမီးနှင့် ပညာရေး၊ လိင်ပိုင်းဆိုင်ရာအသိပညာပေး၊ကလေးငယ်၏ ပညာရေး၊ မူးယစ်ဆေးဝါးကြောင့် အမျိုးသမီးနှင့် ကလေးငယ်များအပေါ် အကျိုးသက်ရောက်မှု၊ အရွယ်မတိုင်မီ စောစီးစွာအိမ်ထောင်ပြုခြင်းတို့ စသည့်အကြောင်းအရာများကိုအသိပညာပေးပြုလုပ်ခဲ့သည်။
PSLF/TNLA၏ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနအနေဖြင့် တအာင်းပြည်အတွင်းအမျိုးသမီးများအပေါ် အကြမ်းဖက်မှုလျော့ကျစေရေးလုပ်ငန်းစဉ်များ၊အမျိုးသမီးစွမ်းရည်မြှင့်တင်ရေးနှင့် စည်းရုံးရေးလုပ်ငန်းစဉ်များ၊ အိမ်တွင်းမှုနှင့် ဝင်ငွေလှည့်ပတ်စီးဆင်းမှု လုပ်ငန်းစဉ်များချမှတ်ကာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
ပြီးခဲ့သည့် ဇွန်လအတွင်းလည်း မိုင်းယော်မြို့နယ်ရှိကျေးရွာ (၁၅)ရွာ၊ သီပေါမြို့နယ်ရှိ ကျေးရွာ (၃)ရွာ၊ မိုင်းလုံမြို့နယ်ရှိ ကျေးရွာ (၁)ရွာတို့ ပြည်သူလူထုစုစုပေါင်း လူဦးရေ (၉၁၂)ဦးအား အသိပေးပညာပေးကွင်းဆင်းဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ