ဟိုမိန်းကျေးရွာတွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၂)ဦးနှင့် အမျိုးသား (၁)ဦးသေဆုံး၊ အမျိုးသမီး (၂)ဦးထိခိုက်ဒဏ်ရာရ
နမ့်ဆန်၊ အောက်တိုဘာ ၁၇ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၉)နယ်မြေ၊ ဟိုမိန်းကျေးရွာတွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၂)ဦးနှင့် အမျိုးသား (၁)ဦးသေဆုံးသွားခဲ့ပြီး အမျိုးသမီး (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။
စစ်ကောင်စီတပ်သည် ယနေ့ နံနက် (၈း၁၀)နာရီအချိန်၌ ပြည်သူလူထုများတည်ရှိရာကို ဦးတည်၍ ရည်ရွယ်ချက်ရှိရှိ လေကြောင်းဖြင့် နမ့်ဆန်မြို့နယ်၊ ဟိုမိန်းကျေးရွာတွင် ပေါင် (၅၀၀)ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သောကြောင့် အသက် (၁၅)နှစ်အရွယ် လိုည်းစန္ဒာဝင်း၊ အသက် (၁၅)နှစ်ရွယ် လိုည်းစပယ်ညွန့်နှင့် အသက် (၅၅)နှစ်အရွယ် ဦးကွန်နွယ်တို့ ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။
ထိုအပြင် အသက် (၂၀)နှစ်အရွယ်ရှိ လိုည်းနီလာကျော်နှင့် အသက် (၄၀)နှစ်အရွယ် ဒေါ်အေဆွေတို့ ဗုံးစထိမှန်ဒဏ်ရာရရှိကာ နေအိမ် (၅)အိမ်လည်း ထိမှန်ပျက်စီးသွားခဲ့ပါသည်။
အလားတူ နမ္မတူမြို့လည်း စစ်ကောင်စီတပ်မှ လေကြောင်းဖြင့်ပေါင် (၂၅၀) ဗုံး (၂)လုံးကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၄)ဦးထိမှန်ဒဏ်ရာရရှိခဲ့ပြီး စာသင်ဆောင် (၂)ဆောင်နှင့် ပြည်သူနေအိမ်တို့လည်း ထိခိုက်ပျက်စီးသွားခဲ့သည်။
ယခုလ အောက်တိုဘာ (၁)ရက်နေ့မှ (၁၆)ရက်နေ့အထိ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် မန်တုံမြို့တွင် (၁)ကြိမ်၊ ကျောက်မဲမြို့တွင် (၃)ကြိမ်၊ သီပေါမြို့တွင် (၅)ကြိမ်၊ မိုင်းငေါ့မြို့တွင် (၁)ကြိမ်၊ မိုင်းလုံမြို့တွင် (၄)ကြိမ်၊ နမ့်ဆန်မြို့တွင် (၃)ကြိမ်၊ နမ္မတူမြို့တွင် (၄)ကြိမ်၊ မိုးမိတ်မြို့တွင် (၃)ကြိမ်နှင့် မိုးကုတ်မြို့တွင် (၁)ကြိမ်တို့ စုစုပေါင်း (၂၅)ကြိမ် လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။
ထိုဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ကလေး (၇)ဦး၊ အမျိုးသား (၁၀)ဦး၊ အမျိုးသမီး (၁၂)ဦးသေဆုံးခဲ့ပြီး ကလေး (၁၁)ဦး၊ အမျိုးသား (၁၄)ဦး၊ အမျိုးသမီး (၁၁)ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၁၀၈)အိမ်၊ စာသင်ကျောင်း (၃)ကျောင်း၊ ဘုန်းကြီးကျောင်း (၂)ကျောင်း၊ ကျောင်းဆောင် (၄)ဆောင်နှင့် အဆောက်အဦး (၄)ခုတို့ ထိမှန်ပျက်စီးသွားခဲ့သည်။
ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေးသတိ အမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။
စစ်ကောင်စီတပ်သည် တအာင်းပြည်အတွင်းသာမက တိုင်းရင်းသားလက်နက်ကိုင်များ၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တို့မှ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သောနေရာများတွင် လူဖြင့်သော်လည်း ကောင်း၊ လက်နက်ကြီးဖြင့်သော်လည်းကောင်း၊ ဒရုန်းဖြင့်သော်လည်းကောင်း၊ လေကြောင်းဖြင့်သော် လည်း အပြစ်မဲ့ပြည်သူလူထုများအပေါ် စစ်ရာဇဝတ်မှုကျူးလွန်နေလျက်ရှိပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ