ကော်ပေါင်ကျေးရွာတွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် လာရောက်ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ကျောင်းထိုင်ဆရာတော်ပျံလွန်တော်မူခဲ့ပြီး သံဃာတော် (၅)ပါးနှင့် ကလေးငယ်အပါအဝင် ပြည်သူလူထု (၂)ဦးထိခိုက်ဒဏ်ရာရ
မိုင်းလုံ၊ အောက်တိုဘာ ၂၅ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ မိုးကုတ်ခရိုင်၊ မိုင်းလုံမြို့နယ်၊ ကော်ပေါင်ကျေးရွာတွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် လာရောက်ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ကျောင်းထိုင်ဆရာတော်ပျံလွန်တော်မူခဲ့ပြီး သံဃာတော် (၅)ပါးနှင့် ကလေးငယ်အပါအဝင် ပြည်သူလူထု (၂)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။
စစ်ကောင်စီတပ်သည် ယမန်နေ့ ညနေ (၃း၅၇)နာရီတွင် လေကြောင်းဖြင့် ပေါင် (၅၀၀)ဗုံး (၁)လုံးလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ကျောင်းထိုင်ဆရာတော်ဖြစ်သူ သက်တော် (၇၀)နှစ်အရွယ် ဝါတော် (၅၀)ဝါရှိသည့် အရှင်ကျန္တာပျံလွန်တော်မူသွားခဲ့ပါသည်။ ထိုနောက်တွင် သက်တော် (၁၈)နှစ်အရွယ် အရှင်အိုက်ကျန်၊ သက်တော် (၁၇)နှစ်အရွယ် အရှင်ကုမ္မရ၊ သက်တော် (၁၄)နှစ် အရှင်ဩရသ၊ သက်တော် (၁၃)နှစ်အရွယ် အရှင်ဝိရိယ၊ သက်တော် (၁၃)နှစ်အရွယ် အရှင်စန္ဒိဘ၊ အသက် (၄)နှစ်အရွယ် မောင်အိုက်တင်နှင့် အသက် (၉၆)နှစ်အရွယ် ဦးကျန်ဒိတို့ ထိမှန်ဒဏ်ရာရပြီး နေအိမ် (၁)အိမ်၊ဘုန်းကြီးကျောင်း (၁)ကျောင်းနှင့် ကျောင်းဆောင် (၁)ဆောင် ထိခိုက်ပျက်စီးသွားခဲ့သည်။

ယခုအောက်တိုဘာ (၁)ရက်နေ့မှ (၂၃)ရက်နေ့အထိ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် မန်တုံမြို့တွင် (၂)ကြိမ်၊ ကျောက်မဲမြို့တွင် (၂)ကြိမ်၊ သီပေါမြို့တွင် (၆)ကြိမ်၊ မိုင်းငေါ့မြို့တွင် (၃)ကြိမ်၊ မိုင်းလုံမြို့တွင် (၄)ကြိမ်၊ နမ့်ဆန်မြို့တွင် (၆)ကြိမ်၊ နမ္မတူမြို့တွင် (၆)ကြိမ်၊ မိုးမိတ်မြို့တွင် (၃)ကြိမ်နှင့် မိုးကုတ်မြို့တွင် (၄)ကြိမ် စုစုပေါင်း (၃၆)ကြိမ် လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။

ထိုဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ကလေး (၁၀)ဦး၊ အမျိုးသား (၁၆)ဦးနှင့် အမျိုးသမီး (၂၁)ဦးတို့ စုစုပေါင်း (၄၇)ဦးသေဆုံးခဲ့ပြီး ကလေး (၂၅)ဦး၊ အမျိုးသား (၁၉)ဦး၊ အမျိုးသမီး (၁၉)ဦး၊ သံဃာတော် (၂)ပါးတို့ စုစုပေါင်း (၆၅)ဦးထိခိုက်ဒဏ်ရာရှိခဲ့ကာ နေအိမ် (၁၇၀)အိမ်၊ စာသင်ကျောင်း (၅)ကျောင်း၊ ဘုန်းကြီးကျောင်း (၆)ကျောင်း၊ ကျောင်းဆောင် (၈)ဆောင်၊ အဆောက်အဦး (၆)ခု၊ ဆိုင်ခန်း (၅)ခန်း၊ လက်ဖက်စက်ရုံ (၁)ရုံ၊ ဆိုင်ကယ် (၄)စီးနှင့် ကား (၁၀)စီးတို့ ထိမှန်ပျက်စီးသွားခဲ့သည်။

ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေးသတိ အမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။

စစ်ကောင်စီတပ်သည် တအာင်းပြည်အတွင်းသာမက တိုင်းရင်းသားလက်နက်ကိုင်များ၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တို့မှ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သောနေရာများတွင် လူဖြင့်သော်လည်း ကောင်း၊ လက်နက်ကြီးဖြင့်သော်လည်းကောင်း၊ ဒရုန်းဖြင့်သော်လည်းကောင်း၊ လေကြောင်းဖြင့်သော် လည်း အပြစ်မဲ့ပြည်သူလူထုများအပေါ် စစ်ရာဇဝတ်မှုကျူးလွန်နေလျက်ရှိပါသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ