1781

ကမျဉ်းနီကောင် အကိုက်ခံရမှုကြောင့် ဖြစ်ပွားနိုင်သော Scrub Typhus ရောဂါအပေါ် ပြည်သူများ အထူးသတိပြုရန် အသိပေး

ဒေသတွင်းသတင်း / ဒေသတွင်း
05 March 2026

ကမျဉ်းနီကောင် အကိုက်ခံရမှုကြောင့် ဖြစ်ပွားနိုင်သော Scrub Typhus ရောဂါအပေါ် ပြည်သူများ အထူးသတိပြုရန် အသိပေး


တအာင်းပြည်၊ မတ်လ ၅ ရက်

တအာင်းပြည်ကျန်းမာရေးဌာန


တအာင်းပြည်၊ လက်ရှိအချိန်တွင် သဘာဝပတ်ဝန်းကျင်အတွင်း တွေ့ရှိနိုင်သော ကမျဉ်းနီကောင်များ (Mite) အကိုက်ခံရမှုကြောင့် ဖြစ်ပွားနိုင်သည့် Scrub Typhus ရောဂါ အပေါ် ပြည်သူများအနေဖြင့် သတိပြုကာ ကာကွယ်ရေးနည်းလမ်းများကို လိုက်နာဆောင်ရွက်ကြရန် တအာင်းပြည်ကျန်းမာရေးဌာနမှ တိုက်တွန်းနှိးဆော်ထားပါသည်။




၁။ ကမျဉ်းနီကောင်များ (Mite)/Scrub Typhus ရောဂါ

ကမျဉ်းနီကောင်များ (Mite) အကိုက်ခံရမှုကြောင့် Scrub Typhus ရောဂါ ဖြစ်ပွားနိုင်ပါသည်။ Scrub Typhus ရောဂါသည် ကျေးလက်ဒေသများတွင် အများဆုံး တွေ့ရှိရသော ကမျဉ်းနီကောင် (Mite) များ အကိုက်ခံရခြင်းမှတစ်ဆင့် လူသို ကူးစက်နိုင်သည့် ပြင်းထန်သော ကူးစက်ရောဂါတစ်မျိုး ဖြစ်ပါသည်။ 




၂။ ကမျဉ်းနီကောင်များ တွေ့ရှိနိုင်သည့် ပတ်ဝန်းကျင်

ကမျဉ်းနီကောင်များကို လူနေထိုင်ရာ ပတ်ဝန်းကျင်နှင့် ဝေးကွာသော တောတောင်များတွင်သာမက ဥယျာဉ်ခြံများ၊ လက်ဖက်ခြံများ၊ တောင်ယာများ၊ လယ်ယာများ၊  လူနေအိမ် ပတ်ဝန်းကျင် သန့်ရှင်းမှု မရှိသော နေရာများတွင်လည်း မကြာခဏ တွေ့ရနိုင်ပါသည်။ ထိုပြင် ကြွက်၊ ပိုးပွားများ ပေါက်ပွားသည့် နေရာများနှင့် ကျောက်တုံးပုံများ၊ ထင်းပုံများနှင့် ခြုံပုတ်များ ထူထပ်သော နေရာများသည် ကမျဉ်းနီကောင်များ အဓိက ခိုအောင်းရာ နေရာများ ဖြစ်ကြပါသည်။ ပြည်သူများအနေဖြင့် ထိုနေရာများတွင် သွားလာလှုပ်ရှားရာမှတစ်ဆင့် မသိမသာ ကမျဉ်းနီကောင်များသည် မိမိခန္ဓာကိုယ်တွင် ကပ်တွယ်ပြီး အကိုက်ခံရနိုင်ပါသည်။





၃။ သတိပြုရမည့် ရောဂါလက္ခဏာများ

ကမျဉ်းနီကောင် အကိုက်ခံရပြီးနောက် လူနာများတွင် အဖြစ်များသော ရောဂါလက္ခဏာများမှာ ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ ပြင်းထန်စွာ ခေါင်းကိုက်ခြင်းနှင့် ကိုယ်လက်များ ကိုက်ခဲခြင်းတို ဖြစ်ပါသည်။ ထိုအပြင် အရေပြားပေါ်တွင် အနီကွက်များ ဖြစ်ပေါ်လာတတ်ပါသည်။ ဤရောဂါ၏ ထူးခြားသော လက္ခဏာတစ်ရပ်မှာ ကမျဉ်းနီကောင် အကိုက်ခံရသည့် နေရာတွင် ညိုမည်းသော အနာဖေးကွက် (Eschar) ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။ အဆိုပါ အနာဖေးကွက်သည် ဆေးလိပ်မီးဖြင့် ထိုးထားသကဲ့သို အမည်းစက်ကလေးအဖြစ် တွေ့ရှိရတတ်ပါသည်။




၄။ ရောဂါပြင်းထန်မှုနှင့် အသက်အန္တရာယ်

Scrub Typhus ရောဂါသည် ကနဦးတွင် သာမန်ဖျားနာမှုဟု ထင်မှတ်ရသော်လည်း အချိန်မီ ကုသမှု မခံယူပါက အလွန်အန္တရာယ် များပါသည်။ ရောဂါပြင်းထန်လာပါက စိတ်ကယောင်ကတမ်း ဖြစ်ခြင်းနှင့် သတိလစ်ခြင်းများ ဖြစ်ပွားနိုင်သလို ပြန်ရည်ကျိတ်များ ရောင်ရမ်းခြင်းကိုလည်း တွေ့ရနိုင်ပါသည်။ ပိုမိုဆိုးရွားပါက အဆုတ်၊ နှလုံး၊ ဦးနှောက်နှင့် အခြားသော ကိုယ်တွင်းအင်္ဂါများ ပျက်စီးခြင်း၊ သွေးယိုခြင်းများ ဖြစ်ပွားနိုင်ပြီး ကောင်းစွာ ကုသမှု မခံယူပါက အသက်သေဆုံးသည်အထိ အန္တရာယ် ရှိနိုင်ပါသည်။ 




၅။ ကာကွယ်ရေး နည်းလမ်းများနှင့် လူနေမှုပုံစံ

ယခုအချိန်အထိ Scrub Typhus ရောဂါအတွက် ကာကွယ်ဆေး မရှိသေးသောကြောင့် ကမျဉ်းနီကောင်များနှင့် ထိတွေ့မှု မရှိစေရန် သတိပြု နေထိုင်ခြင်းသည် အရေးကြီးဆုံး ကာကွယ်ခြင်း ဖြစ်ပါသည်။ ခြုံနွယ် ထူထပ်သည့် နေရာများကို အထူး ရှောင်ကြဉ်ရန် လိုအပ်သလို၊ အိမ်အပြင်ဘက် သွားလာရာတွင် EPA အသိအမှတ်ပြု DEET ပါဝင်သော အရေပြားဖျန်းဆေး (သိုမဟုတ်) လိမ်းဆေးများကို အသုံးပြုသင့်ပါသည်။ ထိုအပြင် လက်ရှည်၊ ခြေရှည် အဝတ်အစားများကို လုံခြုံစွာ ဝတ်ဆင်ခြင်းဖြင့် အကိုက်ခံရခြင်းမှ ကာကွယ်နိုင်ပါသည်။ တောတွင်း စခန်းချသူများ အနေဖြင့် အသုံးအဆောင် ပစ္စည်းများကို (၀.၅) ရာခိုင်နှုန်း Permethrin ပါဝင်သည့် ဆေးရည်ဖြင့် ပိုးသတ် သန့်စင်နိုင်ပါသည်။ 




၆။ မိသားစုနှင့် ကလေးငယ်များအတွက် အကြံပြုချက်

ကလေးငယ်များရှိသော မိသားစုများအနေဖြင့် ကလေးများကို လက်နှင့် ခြေထောက်များပါ လုံခြုံသော အဝတ်အစားများ ဝတ်ဆင်ပေးရန်နှင့် ခြင်လုံဇကာ ပါသော ပုခက်၊ တွန်းလှည်းများကို သုံးရန် လိုအပ်ပါသည်။ အရေပြား ဖျန်းဆေးများကို ကလေး၏ မျက်လုံး၊ ပါးစပ်နှင့် အနာရှိသော နေရာများသို တိုက်ရိုက် မဖျန်းရ၊ လူကြီး၏ လက်အတွင်းသို အရင်ဖျန်းပြီး ကလေး၏ မျက်နှာသို လိမ်းကျံပေးရပါမည်။


ထိုကြောင့် ပြည်သူများအနေဖြင့် မိမိတို သဘာဝပတ်ဝန်းကျင်အတွင်း သွားလာလှုပ်ရှားရာတွင် ကမျဉ်းနီကောင် အကိုက်ခံရမှုမဖြစ်စေရန် ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို လိုက်နာဆောင်ရွက်ကြရန်နှင့် ဖျားနာခြင်းကဲ့သို အထက်ပါ လက္ခဏာများ ပေါ်ပေါက်လာပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို အချိန်မီ သွားရောက်ကာ ဆေးကုသမှု ခံယူကြရန် တိုက်တွန်း နှိးဆော်အပ်ပါသည်။


Website Official 

www.taangland.org

Telegram Official Channel

https://t.me/taangtv2023

YouTube Official 

https://www.youtube.com/@pslftnlanews

Telegram Link – Ta’ang TV

https://t.me/TaangTV


#PSLF/TNLA

#သတငးနှင့်ပြန်ကြားရေးဌာန



Topics: ကမျဉ်းနီကောင် အကိုက်ခံရမှုကြောင့် ဖြစ်ပွားနိုင်သော Scrub Typhus ရောဂါအပေါ် ပြည်သူများ အထူးသတိပြုရန် အသိပေး
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်