1924

နမ့်ခမ်းမြို့တွင် တအာင်းစာအဖွဲ့-TLA မှ ဦးဆောင်၍ ဆရာ/မများအတွက် တအာင်းစာစွမ်းရည်မြှင့် မွမ်းမံသင်တန်း ဖွင့်လှစ်

ဒေသတွင်းသတင်း / ဒေသတွင်း
08 June 2026

နမ့်ခမ်းမြို့တွင် တအာင်းစာအဖွဲ့-TLA မှ ဦးဆောင်၍ ဆရာ/မများအတွက် တအာင်းစာစွမ်းရည်မြှင့် မွမ်းမံသင်တန်း ဖွင့်လှစ်


နမ့်ခမ်း၊ ဇွန်လ ၈ ရက်

တအာင်းပြည်သတင်း

 

တအာင်းပြည်၊ နမ့်ခမ်းခရိုင်၊ နမ့်ခမ်းမြို့နယ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော တအာင်းပြည် ပညာရေးကောင်စီ (TLEC) လက်အောက်ရှိ ဆရာ/မများ၏ တအာင်းစာအရည်အချင်း ပိုမိုတိုးတက်လာစေရန်နှင့် ကျောင်းသား/သူများအား ထိရောက်စွာ ပြန်လည်သင်ကြားပို့ချပေးနိုင်စေရန် ရည်ရွယ်၍ တအာင်းစာအဖွဲ့ (TLA) မှ ဦးဆောင်ကာ တအာင်းစာစွမ်းရည်မြှင့် မွမ်းမံသင်တန်း ဖွင့်လှစ်ခဲ့သည်။


အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားကို ပြီးခဲ့သည့် ဇွန်လ (၂) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းကာလ (၁၅) ရက်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်သည်။ ဖွင့်ပွဲအခမ်းအနားသို့ တအာင်းစာအဖွဲ့ (TLA) မှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာ/မများနှင့် သင်တန်းသား/သူများအပါအဝင် စုစုပေါင်း လူဦးရေ (၅၀) ကျော် တက်ရောက်ခဲ့ကြသည်။


 

ယင်းသင်တန်းတွင် နမ့်ခမ်းမြို့နယ်အတွင်းရှိ ကျောင်းများမှ ဆရာမ (၃၄) ဦးနှင့် ဆရာ (၁၂) ဦး စုစုပေါင်း (၄၆) ဦး တက်ရောက်လျက်ရှိပြီး တအာင်းစာဖတ်ခြင်း၊ ရေးခြင်း၊ သင်ကြားရေးနည်းစနစ်များနှင့် ဘာသာစကားဆိုင်ရာ အရည်အချင်းများကို မြှင့်တင်ပေးသွားမည်ဖြစ်သည်။



သင်တန်းပြီးဆုံးပါက တက်ရောက်ခဲ့သည့် ဆရာ/မများအနေဖြင့် မိမိတို့ တာဝန်ကျရာ ကျောင်းအသီးသီးတွင် ကျောင်းသား/သူများအား တအာင်းစာနှင့် တအာင်းဘာသာစကားကို စနစ်တကျ ပြန်လည်သင်ကြားပို့ချပေးနိုင်မည်ဖြစ်သည်။


အလားတူ တအာင်းပြည်အတွင်းရှိ မန်တုံနှင့် နမ့်ဆန်မြို့နယ်များတွင်လည်း တာဝန်ထမ်းဆောင်လျက်ရှိသော TLEC ဆရာ/မများအား တအာင်းစာအဖွဲ့ (TLA) မှ ဦးဆောင်၍ တအာင်းစာစွမ်းရည်မြှင့် မွမ်းမံသင်တန်းများ ဆက်လက်ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နမ့်ခမ်းမြို့တွင် တအာင်းစာအဖွဲ့-TLA မှ ဦးဆောင်၍ ဆရာ/မများအတွက် တအာင်းစာစွမ်းရည်မြှင့် မွမ်းမံသင်တန်း ဖွင့်လှစ်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်