1946

တအာင်းပြည်ရှိ အခြေခံပညာစာသင်ကျောင်း (၄၀၀)ကျော်ကို TLEC မှ ဖွင့်လှစ်သင်ကြားမည်

ဒေသတွင်းသတင်း / ဒေသတွင်း
17 June 2026

တအာင်းပြည်ရှိ အခြေခံပညာစာသင်ကျောင်း (၄၀၀)ကျော်ကို TLEC မှ ဖွင့်လှစ်သင်ကြားမည်

နမ့်ဆန်၊ ဇွန်လ ၁၇ရက်
တအာင်းပြည်သတင်း

တအာင်းပြည်ပညာရေးကောင်စီ (Taang Land Education Council - TLEC) သည် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွင်း တအာင်းပြည်ရှိ အခြေခံပညာစာသင်ကျောင်းပေါင်း (၄၀၀) ကျော်ကို ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်သည်။





တအာင်းပြည်ပညာရေးကောင်စီ-TLEC သည် ယခုပညာသင်နှစ်တွင် ပြီးခဲ့သည့် ဇွန်လ (၈) ရက်နေ့၌ စာသင်ကျောင်းများကို စတင်ဖွင့်လှစ်ခဲ့ပြီး ကျောင်းကို မအပ်ရသေးသည့် ကလေးများအနေဖြင့် ၎င်းတို့၏ မိဘများမှ လာရောက်အပ်ပေးပါရန် တိုက်တွန်းလိုက်ပါသည်။ အဆိုပါအခြေခံပညာစာသင်ကျောင်း (၄၀၀) ကျော်အတွင်း လက်ရှိတွင် ကျောင်းသား/သူ စုစုပေါင်း (၅) သောင်းကျော် တက်ရောက်ပညာသင်ကြားလျက်ရှိသည်။




ထို့အပြင် ကျောင်းသား/သူများ သက်သောင့်သက်သာရှိစွာ ဝတ်ဆင်နိုင်ရန်၊ ဒေသအခြေအနေနှင့် ပိုမိုလိုက်လျောညီထွေမှုရှိစေရန်နှင့် လှုပ်ရှားသွားလာရာတွင် အဆင်ပြေစေရန် ရည်ရွယ်၍ ယခုပညာသင်နှစ်မှစတင်ကာ ကျောင်းဝတ်စုံပုံစံကို ပြန်လည်ပြင်ဆင်ထားသည်။ ၎င်းကျောင်းဝတ်စုံအသစ်များကို လာမည့် သြဂုတ်လ ပထမအပတ်အတွင်း ဖြန့်ဝေပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။ ဤဝတ်စုံအသစ်များ မဖြန့်ဝေမီကာလအတွင်း ကျောင်းသား/သူများအနေဖြင့် ယခင်အသုံးပြုခဲ့သည့် ကျောင်းဝတ်စုံများကို ဆက်လက်ဝတ်ဆင်နိုင်မည်ဖြစ်ပြီး ဝတ်စုံအသစ်များ ဖြန့်ဝေပြီးနောက်တွင်လည်း လက်လှမ်းမမှီနိုင်သေးသည့် ကျောင်းသား/သူများအနေဖြင့် ကျောင်းဝတ်စုံဟောင်းများကို ဆက်လက်အသုံးပြုနိုင်သည်။

တအာင်းပြည်ပညာရေးကောင်စီအနေဖြင့် ကလေးဗဟိုပြု ပညာရေးစနစ်ကို အခြေခံ၍ ဖက်ဒရယ်ပညာရေးစနစ် ဖော်ဆောင်ရေး၊ မိခင်ဘာသာစကားအခြေပြု ကိုယ်ပိုင်သင်ရိုးညွှန်းတမ်းများ ရေးဆွဲအသုံးပြုနိုင်ရေးနှင့် အသက် (၁၈) နှစ်အောက် ကလေးငယ်တိုင်း ပညာသင်ယူခွင့်ရရှိစေရေးကို ရည်မှန်းဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် ကျောင်းသား/သူများ၏ စဉ်းစားတွေးခေါ်နိုင်စွမ်း၊ တီထွင်ဖန်တီးနိုင်စွမ်းနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အရည်အချင်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ မွေးထုတ်ပေးနိုင်ရေးနှင့် အရည်အသွေးပြည့်မီသော အခြေခံပညာရေးမှတစ်ဆင့် အဆင့်မြင့်ပညာရေးအထိ ဆက်လက်တက်လှမ်းနိုင်မည့် ပညာရေးစနစ်တစ်ရပ် ဖော်ဆောင်နိုင်ရေးကိုလည်း အလေးထား ဆောင်ရွက်လျက်ရှိပါသည်။

Website Official
www.taangland.org

Telegram Official Channel
https://t.me/pslftnlanews

Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV

YouTube Official
https://www.youtube.com/@pslftnlanews

Facebook Official  - Ta’ang Land News-Burmese Version
https://www.facebook.com/profile.php?id=61587414122969

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပြည်ရှိ အခြေခံပညာစာသင်ကျောင်း (၄၀၀)ကျော်ကို TLEC မှ ဖွင့်လှစ်သင်ကြားမည်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်