ဟူးခင်ကျေးရွာတွင် လူငယ်မျိုးဆက်များ၏ ကိုယ်ကျင့်တရားနှင့် ယဉ်ကျေးမှုအသိပညာ မြှင့်တင်ရေးအတွက် ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်
နမ့်ဆန်၊ ဇွန်လ ၂၀ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ နမ့်ဆန်ခရိုင်၊ နမ့်ဆန်မြို့နယ်၊ ဟူးခင်ကျေးရွာတွင် လူငယ်မျိုးဆက်များ၏ ဘာသာရေးအသိပညာ၊ ကိုယ်ကျင့်တရားကောင်းမွန်ရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းမြှင့်တင်နိုင်ရေးအတွက် ဆရာတော် ဘဒ္ဒန္တပညာနန္ဒ ဦးဆောင်၍ တအာင်းဘာသာဖြင့် အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းကို (၅)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့သည်။

အဆိုပါသင်တန်းတွင် Grade-5 မှ Grade-12 အထိ ကျောင်းသူ/သား စုစုပေါင်း (၁၅၀) ဦး တက်ရောက်ခဲ့ကြပြီး တအာင်းလူငယ်မျိုးဆက်သစ်များအနေဖြင့် ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အခြေခံအသိပညာများကို နားလည်တတ်မြောက်စေရန် ရည်ရွယ်၍ သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်သည်။

သင်တန်းကာလအတွင်း အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှု၊ ဘုရားဂုဏ်တော် (၃၈) ဖြာ၊ မေတ္တာသုတ်၊ ဆွမ်းတော်တင်နည်း၊ ဆွမ်းတော်ကပ်နည်း၊ မေတ္တာပို့နည်း၊ အမျှဝေနည်း၊ ဗုဒ္ဓဝင်အကျဉ်းချုပ်နှင့် အခြေခံဝိပဿနာဘာဝနာဆိုင်ရာ အခြေခံအသိပညာများကို မိခင်တအာင်းဘာသာဖြင့် သင်ကြားပို့ချပေးခဲ့သည်။

အဆိုပါ (၅) ရက်ကြာ သင်တန်းကို ဇွန်လ (၁၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့်များအလိုက် ခွဲခြားကာ နေ့စဉ် နံနက် (၉:၀၀) နာရီမှ ညနေ (၄:၀၀) နာရီအထိ စနစ်တကျ လေ့လာသင်ယူစေခဲ့သည်။ သင်တန်းတွင် ဆရာတော် ဘဒ္ဒန္တသုန္ဒရ၊ ဘဒ္ဒန္တပညာနန္ဒ၊ ဘဒ္ဒန္တအာစိဏ္ဏတို့ အပါအဝင် ဆရာတော်များနှင့် ဆရာ/ဆရာမများက ကျောင်းသူ/သားများ၏ ဘာသာရေးအသိပညာ၊ ယဉ်ကျေးမှုဆိုင်ရာ နားလည်မှုနှင့် ကိုယ်ကျင့်တရားကောင်းမွန်ရေးတို့ကို အလေးထား၍ သင်ကြားပို့ချပေးခဲ့ကြသည်။

အဆိုပါ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ ကျောင်းသူ/သားများအနေဖြင့် လိမ္မာယဉ်ကျေးသော အပြုအမူများ ပိုင်ဆိုင်လာစေရန်၊ စိတ်ဓာတ်နှင့် ကိုယ်ကျင့်တရားကောင်းမွန်လာစေရန်၊ ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အခြေခံအသိပညာများ ခိုင်မာလာစေရန်၊ လူမှုဆက်ဆံရေးနယ်ပယ်တွင် အပြောအဆိုနှင့် အပြုအမူများ ယဉ်ကျေးသိမ်မွေ့လာစေရန်နှင့် မိခင်ဘာသာစာပေကို တန်ဖိုးထား ထိန်းသိမ်းတတ်စေရန်ဖြစ်ကြောင်း ဆရာတော် ဘဒ္ဒန္တပညာနန္ဒ မှ မိန့်ကြားခဲ့သည်။ ထို့နောက် သင်တန်းကာလအတွင်း ထူးချွန်စွာ တက်ရောက်သင်ယူခဲ့ကြသည့် ကျောင်းသူ/သားများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။
လူငယ်မျိုးဆက်များအား ဘာသာရေး၊ ယဉ်ကျေးမှုနှင့် ကိုယ်ကျင့်တရားဆိုင်ရာ အသိပညာများ သင်ကြားပေးခြင်းသည် အမျိုးသားယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးနှင့် လူမှုအကျိုးပြု လူငယ်များ ပေါ်ထွန်းလာရေးအတွက် အထောက်အကူပြုလျက်ရှိသည်။
Website Official
www.taangland.org
Telegram Official Channel
https://t.me/pslftnlanews
Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV
YouTube Official
https://www.youtube.com/@pslftnlanews
Facebook Official - Ta’ang Land News-Burmese Version
https://www.facebook.com/profile.php?id=61587414122969
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ