1956

နမ့်ခမ်းနှင့် မန်တုံမြို့တွင် ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းများ ပိုမိုထိရောက်စေရေးအတွက် ကျေးရွာအုပ်စုစာရေးနှင့် ရပ်ကွက်စာရေး အပတ်စဉ် (၉) သင်တန်း ပြီးစီး

ဒေသတွင်းသတင်း / ဒေသတွင်း
25 June 2026

နမ့်ခမ်းနှင့် မန်တုံမြို့တွင် ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းများ ပိုမိုထိရောက်စေရေးအတွက် ကျေးရွာအုပ်စုစာရေးနှင့် ရပ်ကွက်စာရေး အပတ်စဉ် (၉) သင်တန်း ပြီးစီး

နမ့်ခမ်း၊ ဇွန်လ ၂၅ ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ နမ့်ခမ်းနှင့် မန်တုံမြို့တို့တွင် ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းများကို ပိုမိုစနစ်ကျပြီး ထိရောက်စွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ အထွေထွေအုပ်ချုပ်ရေးဌာနမှ ဦးဆောင်ဖွင့်လှစ်ခဲ့သည့် ကျေးရွာအုပ်စုစာရေးနှင့် ရပ်ကွက်စာရေး အပတ်စဉ် (၉) သင်တန်းများကို အောင်မြင်စွာ ပြီးစီးခဲ့သည်။



နမ့်ခမ်းမြို့တွင် သင်တန်းကို မေလ (၁၈) ရက်နေ့၌ စတင်ဖွင့်လှစ်ခဲ့ပြီး ဇွန်လ (၂၂) ရက်နေ့တွင် သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါသင်တန်းတွင် သင်တန်းသား (၂၅) ဦးနှင့် သင်တန်းသူ (၃) ဦး စုစုပေါင်း (၂၈) ဦး တက်ရောက်သင်ကြားခဲ့ကြသည်။



အလားတူ မန်တုံမြို့တွင်လည်း မေလ (၁၈) ရက်နေ့၌ သင်တန်းဖွင့်လှစ်ခဲ့ပြီး ဇွန်လ (၁၈) ရက်နေ့တွင် သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါသင်တန်းတွင် သင်တန်းသား/သူ စုစုပေါင်း (၃၄) ဦး တက်ရောက်အောင်မြင်ခဲ့ကြသည်။

သင်တန်းကာလအတွင်း ရုံးလုပ်ငန်းဆိုင်ရာ စီမံခန့်ခွဲမှု၊ စာရွက်စာတမ်းရေးသားခြင်း၊ ကျေးရွာအုပ်စုနှင့် ရပ်ကွက်စာရေးလုပ်ငန်းများ၊ အခြေခံနိုင်ငံရေးဘာသာရပ်များဖြစ်သည့် ဒီမိုကရေစီစနစ်၊ ဖက်ဒရယ်စနစ်နှင့် ပြည်သူ့အုပ်ချုပ်ရေးဆိုင်ရာ အခြေခံအသိပညာများကို စနစ်တကျ သင်ကြားပို့ချပေးခဲ့သည်။

သင်တန်းဆင်းပွဲအခမ်းအနားများသို့ သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းဆရာများ၊ သင်တန်းသား/သူများနှင့် မိဘပြည်သူများအပါအဝင် စုစုပေါင်း လူဦးရေ (၁၅၀) ကျော် တက်ရောက်ခဲ့ကြသည်။

အဆိုပါသင်တန်းများ ဖွင့်လှစ်ရခြင်းသည် အုပ်ချုပ်ရေးတာဝန်ထမ်းဆောင်သူများ၏ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားလာစေရန်၊ ရာထူးတာဝန်နှင့် လုပ်ပိုင်ခွင့်များကို မှန်ကန်စွာ နားလည်ကျေပွန်စွာ ထမ်းဆောင်နိုင်စေရန်၊ ချမှတ်ထားသည့် မူဝါဒများနှင့် လုပ်ငန်းစဉ်များကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်စေရန်နှင့် ပြည်သူများအား ပိုမိုကောင်းမွန်သည့် အုပ်ချုပ်ရေးဝန်ဆောင်မှုများ ပေးအပ်နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်သည်။

အလားတူ ပြီးခဲ့သည့် ဇွန်လ (၁၅) ရက်နေ့တွင်လည်း နမ့်ဆန်မြို့၌ ကျေးရွာအုပ်စုစာရေးနှင့် ရပ်ကွက်စာရေး အပတ်စဉ် (၉) သင်တန်းကို အောင်မြင်စွာ ပြီးစီးခဲ့ပြီးဖြစ်သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နမ့်ခမ်းနှင့် မန်တုံမြို့တွင် ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းများ ပိုမိုထိရောက်စေရေးအတွက် ကျေးရွာအုပ်စုစာရေးနှင့် ရပ်ကွက်စာရေး အပတ်စဉ် (၉) သင်တန်း ပြီးစီး
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်