ကောင်းတပ်ကျေးရွာ ယမ်းပျော့ပေါက်ကွဲမှု ဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့ခဲ့သည့် အလှူရှင်များကို ပြန်လည်ထူထောင်ရေးကော်မတီ ဂုဏ်ပြုမှတ်တမ်းတင်
နမ့်ခမ်း၊ ဇူလိုင်လ ၂ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ နမ့်ခမ်းခရိုင်၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာတွင် ပြီးခဲ့သည့် မေလ (၃၁) ရက်နေ့က ဖြစ်ပွားခဲ့သော မတော်တဆယမ်းပျော့ပေါက်ကွဲမှုကြောင့် ဘေးဒဏ်သင့်ပြည်သူများအား လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်ခဲ့ကြသည့် အလှူရှင်တစ်ဦးချင်းစီနှင့် အဖွဲ့အစည်းအသီးသီးကို ကောင်းတပ်ကျေးရွာ ပြန်လည်ထူထောင်ရေးကော်မတီက ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း ဇူလိုင်လ (၂) ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ယမ်းပျော့ပေါက်ကွဲမှုဖြစ်စဉ်အပြီး ဘေးဒဏ်သင့်ပြည်သူများ အရေးပေါ်အကူအညီလိုအပ်နေချိန်တွင် ပြည်တွင်းနှင့် ပြည်ပရှိ စေတနာရှင်အလှူရှင်များ၊ မဟာမိတ်အဖွဲ့အစည်းများ၊ ကုမ္ပဏီများ၊ လူမှုရေးနှင့် ပရဟိတအဖွဲ့အစည်းများအပြင် တစ်ကိုယ်တော်အလှူရှင်များက ငွေကြေး၊ ဆေးဝါး၊ စားနပ်ရိက္ခာ၊ အခြေခံလူသုံးကုန်ပစ္စည်းများနှင့် အရေးပေါ်လိုအပ်သော ပစ္စည်းများကို အချိန်မီ လာရောက်လှူဒါန်းထောက်ပံ့ပေးခဲ့ကြသည်။

အဆိုပါ ကူညီထောက်ပံ့မှုများသည် ဘေးဒဏ်သင့်မိသားစုများ၏ အရေးပေါ်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ခဲ့သည့်အပြင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း များစွာအထောက်အကူဖြစ်စေခဲ့ကြောင်း ကော်မတီက ထုတ်ပြန်ထားသည်။

ထို့ပြင် အလှူရှင်များ၏ အချိန်မီပူးပေါင်းကူညီမှုသည် ထိခိုက်နစ်နာခဲ့ရသူများအတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာ အားပေးမှုဖြစ်စေခဲ့ပြီး အခက်အခဲများကို အတူတကွ ကျော်လွှားနိုင်ရန် မျှော်လင့်ချက်နှင့် စိတ်ဓာတ်ခွန်အား ယုံကြည်မှုများ ဖြစ်ပေါ်စေခဲ့ပါသည်။

ကောင်းတပ်ကျေးရွာ ပြန်လည်ထူထောင်ရေးကော်မတီက အလှူရှင်များ၏ စေတနာနှင့် ပူးပေါင်းကူညီမှုများအတွက် အထူးကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်ထားပြီး အလှူရှင်များအားလုံး ဘေးအန္တရာယ်ကင်းရှင်း၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကာ လိုရာဆန္ဒများ ပြည့်ဝကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

ထိုကဲ့သို့ အဘက်ဘက်မှ စေတနာအပြည့်ဖြင့် ပါဝင်လှူဒါန်းခဲ့ကြသော အလှူရှင်များ၏ လှူဒါန်းငွေများကို ကောင်းတပ်ကျေးရွာ ပြန်လည်ထူထောင်ရေးကော်မတီက လက်ခံဆောင်ရွက်လျက်ရှိပြီး ယနေ့အထိ စုစုပေါင်း မြန်မာကျပ်ငွေ ၂,၄၁၃,၉၁၃,၃၅၀ ကျပ်နှင့် တရုတ်ယွမ်ငွေ ၂၅၃,၄၃၂ ယွမ် တို့ဖြစ်ပါသည်။
Website Official
www.taangland.org
Telegram Official Channel
https://t.me/pslftnlanews
Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV
YouTube Official
https://www.youtube.com/@pslftnlanews
Facebook Official - Ta’ang Land News-Burmese Version
https://www.facebook.com/profile.php?id=61587414122969
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ