နမ့်ဆန်မြို့နယ်တွင် လက်ဖက်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ဖက်စိုက်တောင်သူများနှင့် လက်ဖက်အသင်း တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေး
နမ့်ဆန်၊ ဇူလိုင် ၁၃ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ နမ့်ဆန်ခရိုင်၊ နမ့်ဆန်မြို့နယ်၊ ဟူးခင်ကျေးရွာတွင် လက်ဖက်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ လက်ဖက်စိုက်တောင်သူများ၏ ထုတ်လုပ်မှုစွမ်းရည် မြှင့်တင်ရေးနှင့် အရည်အသွေးမြင့် လက်ဖက်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးကို ရည်ရွယ်၍ တအာင်း(ပလောင်) လက်ဖက်စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်းမှ လက်ဖက်စိုက်တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ဇူလိုင်လ (၉) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။

တွေ့ဆုံပွဲသို့ နမ့်ဆန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဌာနမှ မြို့နယ်မှူး ဗိုလ်နောင်ချို၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် လက်ဖက်စိုက်တောင်သူများ တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် တအာင်း(ပလောင်) လက်ဖက်စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်းမှ တာဝန်ရှိသူများက လက်ဖက်စိုက်ပျိုးရေးနှင့် ထုတ်လုပ်ရေးလုပ်ငန်းများတွင် တောင်သူများ ကြုံတွေ့နေရသည့် အခက်အခဲများနှင့် စိန်ခေါ်မှုများကို ဆွေးနွေးမေးမြန်းခဲ့ပြီး အရည်အသွေးမြင့် လက်ဖက်ထုတ်လုပ်နိုင်ရေး၊ စိုက်ပျိုးရေးနည်းစနစ်များ မြှင့်တင်ရေးနှင့် တောင်သူများ သိရှိသင့်သည့် နည်းပညာများကို မျှဝေဆွေးနွေးခဲ့သည်။

ထို့အပြင် လက်ဖက်စိုက်တောင်သူများအတွက် စိုက်ပျိုးရေးနှင့် ထုတ်လုပ်ရေးနည်းပညာများ၊ Green Tea၊ လက်ဖက်စို၊ လက်ဖက်ခြောက်နှင့် အခြားလက်ဖက်ထုတ်ကုန်များ ထုတ်လုပ်ရာတွင် အသုံးပြုနိုင်သည့် အဆင့်မြင့်နည်းပညာများကို ဆက်လက်သင်ကြားပေးသွားမည်ဖြစ်ပြီး အသင်းဝင်တောင်သူများအား လစဉ် နည်းပညာသင်တန်းများ ပို့ချပေးသွားမည်ဖြစ်ကြောင်း အသင်းတာဝန်ရှိသူများက ပြောကြားခဲ့သည်။
အလားတူ ဟူးခင်ကျေးရွာတွင် စံပြလက်ဖက်စိုက်ခင်း တည်ထောင်နိုင်ရေးကိုလည်း တက်ရောက်လာသည့် လက်ဖက်စိုက်တောင်သူများ၊ ရပ်မိရပ်ဖများနှင့် ဆွေးနွေးခဲ့ကြပြီး ကျေးရွာ၏ သာသနာ့နယ်မြေအတွင်းရှိ မြေနေရာတွင် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြသည်။
ပြီးခဲ့သည့် ဇွန်လ (၁) ရက်နေ့တွင်လည်း နမ့်ဆန်မြို့၌ လက်ဖက်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့ပြီးဖြစ်သည်။ တအာင်း(ပလောင်) လက်ဖက်စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်းအနေဖြင့် တအာင်းပြည်အတွင်း အရည်အသွေးမြင့် လက်ဖက်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး၊ နိုင်ငံတကာဈေးကွက်သို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့် လက်ဖက်စိုက်တောင်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းများကို အရှိန်အဟုန်မြှင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
Website Official
www.taangland.org
Telegram Official Channel
https://t.me/pslftnlanews
Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV
YouTube Official
https://www.youtube.com/@pslftnlanews
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ