2010

တအာင်းစာသင်ကြားရေး အရည်အသွေးမြှင့်တင်နိုင်ရေးအတွက် TOT ဆရာဖြစ်သင်တန်း အပတ်စဉ် (၆) ဖွင့်လှစ်

ဒေသတွင်းသတင်း / ဒေသတွင်း
16 July 2026

တအာင်းစာသင်ကြားရေး အရည်အသွေးမြှင့်တင်နိုင်ရေးအတွက် TOT ဆရာဖြစ်သင်တန်း အပတ်စဉ် (၆) ဖွင့်လှစ်


နမ့်ခမ်း၊ ဇူလိုင် ၁၆ ရက်

တအာင်းပြည်သတင်း

 

တအာင်းပြည်၊ နမ့်ခမ်းခရိုင်၊ နမ့်ခမ်းမြို့တွင် တအာင်းစာပေနှင့် ဘာသာစကားသင်ကြားရေးကဏ္ဍအတွက် အရည်အသွေးပြည့်ဝသော ဆရာ၊ ဆရာမများ မွေးထုတ်နိုင်ရေးကို ရည်ရွယ်၍ တအာင်းစာအဖွဲ့ (TLA) မှ ဖွင့်လှစ်သည့် TOT (Training of Trainers) ဆရာဖြစ်သင်တန်း အပတ်စဉ် (၆) ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ (၁၅) ရက်နေ့ နံနက် (၉:၀၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အထွေထွေအတွင်းရေးမှူး (၁) ဗိုလ်မှူးချုပ် တားအိုမ်တမာဝ်းမှ အဖွင့်အမှာစကား ပြောကြားရာ၌ တအာင်းဘာသာဆရာ၊ ဆရာမများအနေဖြင့် တာဝန်ယူမှု၊ အနစ်နာခံစိတ်နှင့် စည်းကမ်းလိုက်နာမှုတို့ဖြင့် သင်ကြားရေးတာဝန်များကို ထမ်းဆောင်ကြရန် တိုက်တွန်းခဲ့သည်။ ထို့ပြင် မျိုးဆက်သစ်ကလေးငယ်များ မိခင်ဘာသာစကားကို ထိန်းသိမ်းအသုံးပြုတတ်စေရေး၊ တအာင်းစာပေနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၏ တန်ဖိုးကို နားလည်မြတ်နိုးကာ လက်ဆင့်ကမ်းထိန်းသိမ်းနိုင်ရေးအတွက် စနစ်တကျ သင်ကြားပို့ချပေးကြရန်လည်း တိုက်တွန်းပြောကြားခဲ့သည်။


ဖွင့်ပွဲအခမ်းအနားသို့ PSLF/TNLA အထွေထွေအတွင်းရေးမှူး (၁) ဗိုလ်မှူးချုပ် တားအိုမ်တမာဝ်း၊ တအာင်းစာအဖွဲ့ (TLA) ဥက္ကဋ္ဌ တားလှအောင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သင်တန်းသူ၊ သင်တန်းသားများ အပါအဝင် စုစုပေါင်း လူဦးရေ (၁၀၀) ဝန်းကျင် တက်ရောက်ခဲ့ကြသည်။


အဆိုပါ TOT ဆရာဖြစ်သင်တန်းတွင် သင်တန်းသူ (၅၅) ဦးနှင့် သင်တန်းသား (၁၅) ဦး၊ စုစုပေါင်း (၇၀) ဦး တက်ရောက်လျက်ရှိပြီး ဇူလိုင်လ (၁၅) ရက်နေ့မှ သြဂုတ်လ (၃၀) ရက်နေ့အထိ (၄၅) ရက်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်သည်။


သင်တန်းကာလအတွင်း တအာင်းဘာသာစကား သင်ကြားရေးစွမ်းရည်များ မြှင့်တင်နိုင်စေရန် ရည်ရွယ်၍ တအာင်းအခြေခံစာ၊ တအာင်းဝါကျနှင့် စာကြောင်းဖွဲ့စည်းနည်း၊ တအာင်းစာပေမေးခွန်းရေးဆွဲနည်း၊ Teacher Guide အသုံးပြုနည်း၊ Lesson Planning ရေးဆွဲနည်း၊ Classroom Management အပါအဝင် သင်ကြားရေးဆိုင်ရာ အခြေခံနှင့် လက်တွေ့အသုံးချ ဘာသာရပ်များကို စနစ်တကျ သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။


သင်တန်းပြီးဆုံးပါက သင်တန်းသူ၊ သင်တန်းသားများသည် တအာင်းပြည်အတွင်းရှိ စာသင်ကျောင်းအသီးသီး၌ တာဝန်ထမ်းဆောင်သွားကြမည်ဖြစ်ပြီး မျိုးဆက်သစ်လူငယ်များအား မိခင်ဘာသာစကား၊ စာပေနှင့် ယဉ်ကျေးမှုအမွေအနှစ်များကို လက်ဆင့်ကမ်းသင်ကြားပေးမည့် ပညာရေးဝန်ထမ်းများအဖြစ် ပါဝင်ဆောင်ရွက်သွားကြမည်ဖြစ်သည်။


အလားတူ ၂၀၂၅ ခုနှစ် သြဂုတ်လတွင်လည်း တအာင်းစာအဖွဲ့ (TLA) က ဖွင့်လှစ်သည့် TOT ဆရာဖြစ်သင်တန်းမှ သင်တန်းသူ၊ သင်တန်းသား စုစုပေါင်း (၁၀၀) ဦး အောင်မြင်စွာ သင်တန်းပြီးမြောက်ခဲ့ပြီး တအာင်းပြည်အတွင်းရှိ စာသင်ကျောင်းအသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသည်။


Website Official

www.taangland.org


Telegram Official Channel

https://t.me/pslftnlanews


Telegram Link – Ta’ang TV

https://t.me/pslftnlaTaangTV


YouTube Official

https://www.youtube.com/@pslftnlanews


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းစာသင်ကြားရေး အရည်အသွေးမြှင့်တင်နိုင်ရေးအတွက် TOT ဆရာဖြစ်သင်တန်း အပတ်စဉ် (၆) ဖွင့်လှစ်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်