2022

တအာင်းပြည်ကျန်းမာရေးကောင်စီမှ မိခင်နှင့် ကလေးကျန်းမာရေးမြှင့်တင်ရေးအတွက် ဇူလိုင်လအတွင်း ကျေးရွာ (၉) ရွာ၌ ရောဂါစောင့်ကြည့်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဒေသတွင်းသတင်း / ဒေသတွင်း
31 July 2026

တအာင်းပြည်ကျန်းမာရေးကောင်စီမှ မိခင်နှင့် ကလေးကျန်းမာရေးမြှင့်တင်ရေးအတွက် ဇူလိုင်လအတွင်း ကျေးရွာ (၉) ရွာ၌ ရောဂါစောင့်ကြည့်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်


နမ့်ဆန်၊ ဇူလိုင် ၃၁ ရက်

တအာင်းပြည်သတင်း

 

တအာင်းပြည်အတွင်း ရောဂါစောင့်ကြည့်ရေးလုပ်ငန်းများ ပိုမိုအားကောင်းလာစေရန်နှင့် ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များနှင့် အသက် (၂) နှစ်အောက် ကလေးငယ်များ၏ အာဟာရနှင့် ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန်လာစေရန် ရည်ရွယ်၍ တအာင်းပြည်ကျန်းမာရေးကောင်စီမှ ၂၀၂၆ ခုနှစ် ဇူလိုင်လအတွင်း ကျေးရွာပေါင်း (၉) ရွာ၌ ရောဂါစောင့်ကြည့်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။


 

ရောဂါစောင့်ကြည့်ရေးလုပ်ငန်းစဉ်အရ နမ့်ဆန်မြို့နယ်၊ ပန်နင်းကျေးရွာတွင် ငှက်ဖျားရောဂါ ကြိုတင်ကာကွယ်ရေးအတွက် သွေးဖောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ ထို့အပြင် ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များနှင့် အသက် (၂) နှစ်အောက် ကလေးငယ်များအတွက် အာဟာရနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။


 

၎င်းလုပ်ငန်းများအတွင်း မိခင်နှင့် ကလေးအာဟာရဆိုင်ရာ ကျန်းမာရေးပြဿနာများအကြောင်း အသိပညာပေးဆွေးနွေးခြင်း၊ အသက် (၂) နှစ်အောက် ကလေးငယ်များအတွက် ဖြည့်စွက်စာကျွေးမွေးနည်းများ ရှင်းလင်းပို့ချခြင်းနှင့် အာဟာရပြည့်ဝသော အစားအစာချက်ပြုတ်နည်း သရုပ်ပြအစီအစဉ်များကို နမ့်ဆန်မြို့နယ်ရှိ ကျေးရွာ (၆) ရွာနှင့် မန်တုံမြို့နယ်ရှိ ကျေးရွာ (၃) ရွာတို့တွင် ကွင်းဆင်းဆောင်ရွက်နိုင်ခဲ့သည်။


 

ကွင်းဆင်းဆောင်ရွက်မှုများအတွင်း ကိုယ်ဝန်ဆောင်စဉ်နှင့် ကလေးမွေးဖွားပြီးနောက် အစားအစာအချို့ကို ရှောင်ကြဉ်သည့် ဒေသခံရိုးရာဓလေ့နှင့် ယုံကြည်မှုအချို့ ရှိနေသေးကြောင်း တွေ့ရှိခဲ့ရသည်။ ယင်းအလေ့အထများကြောင့် မိခင်များနှင့် ကလေးငယ်များ လိုအပ်သော အာဟာရဓာတ်များ မလုံလောက်နိုင်ဘဲ အာဟာရချို့တဲ့မှု ဖြစ်ပေါ်နိုင်သဖြင့် မိခင်နှင့် ကလေးအာဟာရမြှင့်တင်ရေးအတွက် အဟန့်အတားဖြစ်စေနိုင်ကြောင်း တအာင်းပြည်ကျန်းမာရေးကောင်စီမှ အသိပေးထားသည်။


 

အာဟာရချို့တဲ့မှုကို ကာကွယ်နိုင်ရန် ဒေသထွက် ဟင်းသီးဟင်းရွက်များ၊ သစ်သီးဝလံများ၊ သစ်ဥများနှင့် အသား၊ ငါး၊ ဥ စသည့် အာဟာရအုပ်စုစုံလင်သော အစားအစာများကို အသက်အရွယ်အလိုက် မျှတစွာကျွေးမွေးပေးရန်၊ ကလေးငယ်များ လုံလောက်စွာ အိပ်စက်စေရန်နှင့် အသက်အရွယ်နှင့် ကိုက်ညီသော ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်ပေးရန် လိုအပ်ကြောင်းလည်း ကျန်းမာရေးအသိပညာပေးထားသည်။

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ထုတ်ပြန်ချက်အရ အသင့်အတင့် အာဟာရချို့တဲ့သည့် ကလေးငယ်များသည် သာမန်ကလေးငယ်များထက် သေဆုံးနိုင်ခြေ (၄) ဆ ပိုမိုမြင့်မားပြီး၊ ပြင်းထန်စွာ အာဟာရချို့တဲ့သည့် ကလေးငယ်များမှာ (၁၁) ဆအထိ ပိုမိုမြင့်မားကြောင်း သိရသည်။ ထို့ပြင် ၂၀၂၀ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း အသက် (၅) နှစ်အောက် ကလေးသေဆုံးမှုအားလုံး၏ (၄၅) ရာခိုင်နှုန်းသည် အာဟာရချို့တဲ့မှုနှင့် ဆက်စပ်လျက်ရှိကြောင်းလည်း ဖော်ပြထားသည်။


တအာင်းပြည် ကျန်းမာရေးကောင်စီသည် တအာင်းပြည်အတွင်း ကလေးသူငယ်သေဆုံးမှုနှုန်း လျော့ကျစေရန်နှင့် မိခင်များ၊ ကလေးငယ်များ၏ အာဟာရနှင့် ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန်လာစေရန် ရည်ရွယ်၍ ၂၀၂၆ ခုနှစ် ဇွန်လအတွင်း ကျေးရွာပေါင်း (၂၈) ရွာ၌ ရောဂါစောင့်ကြည့်ရေးနှင့် အာဟာရစောင့်ရှောက်မှုလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး အဆိုပါလုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။


Website Official

www.taangland.org


Telegram Official Channel

https://t.me/pslftnlanews


Telegram Link – Ta’ang TV

https://t.me/pslftnlaTaangTV


YouTube Official

https://www.youtube.com/@pslftnlanews


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပြည်ကျန်းမာရေးကောင်စီမှ မိခင်နှင့် ကလေးကျန်းမာရေးမြှင့်တင်ရေးအတွက် ဇူလိုင်လအတွင်း ကျေးရွာ (၉) ရွာ၌ ရောဂါစောင့်ကြည့်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်