မိုးရာသီကာလ ဝမ်းပျက်ဝမ်းလျှောနှင့် ကာလဝမ်းရောဂါ ကြိုတင်ကာကွယ်ရေး တအာင်းပြည် ကျန်းမာရေးကောင်စီမှ သတိပေးထုတ်ပြန်
နမ့်ဆန်၊ သြဂုတ် ၁၅ရက်
တအာင်းပြည်သတင်း
တအာင်းပြည်အတွင်း မိုးရာသီကာလ ဝမ်းပျက်ဝမ်းလျှောနှင့် ကာလဝမ်းရောဂါများ ဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် တအာင်းပြည်ကျန်းမာရေးကောင်စီမှ ယနေ့ သြဂုတ်လ (၁၅) ရက်နေ့တွင် ကျန်းမာရေးအသိပညာပေး သတိပေးချက် ထုတ်ပြန်ခဲ့သည်။

ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် ကာလဝမ်းရောဂါသည် ၂၄ နာရီအတွင်း (၃) ကြိမ် (သို့မဟုတ်) (၃) ကြိမ်ထက်မက အရည်ဝမ်းသွားခြင်းဖြစ်ပြီး အော့အန်ခြင်းနှင့်အတူ ဖြစ်ပွားနိုင်ကာ ခန္ဓာကိုယ်အတွင်း ရေဓာတ်ခမ်းခြောက်မှု ဖြစ်ပေါ်စေနိုင်သည်။ အထူးသဖြင့် ကလေးငယ်များတွင် ရေဓာတ်ခမ်းခြောက်မှုကြောင့် ပြင်းထန်သော ကျန်းမာရေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သဖြင့် အချိန်မီ ကုသမှုခံယူရန် လိုအပ်သည်။

ရောဂါဖြစ်ပွားမှုကို ကြိုတင်ကာကွယ်နိုင်ရန် အစားအသောက်မစားမီ၊ အိမ်သာအသုံးပြုပြီးနောက်နှင့် အညစ်အကြေးများကို ကိုင်တွယ်ပြီးနောက် လက်ကို ဆပ်ပြာနှင့် သန့်ရှင်းသောရေဖြင့် စနစ်တကျ ဆေးကြောရန် လိုအပ်သည်။ ထို့အပြင် သောက်သုံးရေကို အနည်းဆုံး (၁) မိနစ်ခန့် ပွက်ပွက်ဆူအောင် ကျိုချက်ပြီး သန့်ရှင်းသောပုံးများတွင် စနစ်တကျ ထားရှိကာ သောက်သုံးရန် လိုအပ်သည်။ ကလိုရင်း (သို့မဟုတ်) ရေသန့်စင်ဆေးပြားများ အသုံးပြုပါက ထုတ်လုပ်သူ၏ အသုံးပြုနည်းညွှန်ကြားချက်အတိုင်း အသုံးပြုရမည်ဖြစ်သည်။
ထို့ပြင် အစားအသောက်များကို ဖုံးအုပ်ထားရန်၊ အစားအစာများကို သေချာစွာ ချက်ပြုတ်ရန်၊ ချက်ပြုတ်ပြီးသောအစားအစာများကို သန့်ရှင်းစွာ သိမ်းဆည်းရန်နှင့် အစားအစာပြင်ဆင်ချက်ပြုတ်ရာတွင် သန့်ရှင်းသောရေကို အသုံးပြုရန် လိုအပ်သည်။ အိမ်သာနှင့် ပတ်ဝန်းကျင်ကိုလည်း သန့်ရှင်းစွာ ထားရှိရမည်ဖြစ်သည်။
ရောဂါဖြစ်ပွားပါက ဓာတ်ဆားရည် (ORS) ကိုချက်ချင်းသောက်သုံးရမည်ဖြစ်သည်။ အကယ်၍ ဓာတ်ဆားရည်အသင့်မရှိပါက သန့်ရှင်းသောရေ (၁) လီတာတွင် သကြား လက်ဖက်ရည်ဇွန်း (၆) ဇွန်းနှင့် ဆား လက်ဖက်ရည်ဇွန်း တစ်ဝက် ရောစပ်၍ သောက်သုံးနိုင်သည်။ ထို့ပြင် အသက် (၆) လ အောက်ကလေးငယ်များတွင် ရောဂါဖြစ်ပွားပါက ကလေးငယ်အား မိခင်နို့တစ်မျိုးတည်းကိုသာ ဆက်လက်တိုက်ကျွေးရမည်ဖြစ်သည်။
ပြည်သူများအနေဖြင့် မိမိကိုယ်တိုင် (သို့မဟုတ်) ပတ်ဝန်းကျင်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ နှင့် ကာလဝမ်းရောဂါ လက္ခဏာခံစားရသူများရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ အချိန်မီ သွားရောက်ကာ ဆေးကုသမှု ခံယူကြရန် တအာင်းပြည်ကျန်းမာရေးကောင်စီမှ အထူး တိုက်တွန်းနှိုးဆော်အပ်ပါသည်။

မိုးရာသီကာလအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နိုင်သဖြင့် သောက်သုံးရေ၊ ချက်ပြုတ်ရေများ ညစ်ညမ်းမှုမရှိစေရန် အထူးဂရုပြုရန်၊ မသန့်ရှင်းသောရေကို တိုက်ရိုက်သောက်သုံးခြင်းနှင့် မသန့်ရှင်းသောအစားအစာများ စားသုံးခြင်းကို ရှောင်ကြဉ်ရန် လိုအပ်သည်။ လက်ဆေးခြင်း၊ သန့်ရှင်းသောရေသောက်သုံးခြင်း၊ အစားအစာကို သေချာစွာချက်ပြုတ်ခြင်းနှင့် အိမ်သာပတ်ဝန်းကျင် သန့်ရှင်းရေးကို စနစ်တကျ ဆောင်ရွက်ခြင်းတို့သည် ကာလဝမ်းရောဂါနှင့် အခြားဝမ်းပျက်ဝမ်းလျှောရောဂါများ ကူးစက်မှုကို လျှော့ချနိုင်ရန်မည် ဖြစ်သည်။

Website Official
www.taangland.org
Telegram Official Channel
https://t.me/pslftnlanews
Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV
YouTube Official
https://www.youtube.com/@pslftnlanews
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ