တအာင်းဒစ်ဂျစ်တယ် အဘိဓာန်စီမံကိန်းအဖွဲ့မှ တအာင်းမိခင်ဘာသာစကားထိန်းသိမ်းမြှင့်တင်ရေး အတွက် တအာင်း-မြန်မာ-အင်္ဂလိပ် အဘိဓာန် Application နှင့် website အား တရားဝင်ထုတ်ပြန်
နမ့်ဆန်၊ သြဂုတ် ၂၇ ရက်
တအာင်းပြည်သတင်း
တအာင်းလူမျိုးများ၏ မိခင်ဘာသာစကားထိန်းသိမ်းမြှင့်တင်ရန်နှင့် လွယ်ကူစွာ လေ့လာနိုင်ရန်အတွက် တအာင်း-မြန်မာ-အင်္ဂလိပ် ဒစ်ဂျစ်တယ်အဘိဓာန် (Taang Digital Dictionary) Application နှင့် Website ကို သြဂုတ်လ (၂၅) ရက်နေ့တွင် တအာင်းဒစ်ဂျစ်တယ် အဘိဓာန်စီမံကိန်းအဖွဲ့မှ တရားဝင်ထုတ်ပြန်လိုက်ပါသည်။

အဆိုပါပရောဂျက်ကို ၂၀၂၂ ခုနှစ်ကတည်းက တအာင်းစာအဖွဲ့ (Taang Literature Association TLA) မှ ဦးဆောင်ကာ လူငယ်စေတနာဝန်ထမ်းများ၊ တတ်သိပညာရှင်များနှင့်ပူးပေါင်းပြီး (၄)နှစ်နီးပါး ကြိုးစားပမ်းစားပြုစုခဲ့ကြသည်။ ၂၀၂၆ ခုနှစ်၊ ဇွန်လတွင် တအာင်းဝေါဟာရများ ရေးသားပြုစုခဲ့ကြပြီး လက်ရှိတွင် တရားဝင်ထုတ်ပြန်ခြင်းဖြစ်သည်။
လက်ရှိတွင် အဆိုပါ အဘိဓာန်အက်ပလီကေးရှင်းကို Android ဖုန်းသုံးစွဲသူများအနေဖြင့် Google Play Store ၌ အခမဲ့ဒေါင်းလုပ်ဆွဲယူနိုင်ပြီး အင်တာနက်ကွန်ရက်မလိုဘဲ (၁၀၀) ရာခိုင်နှုန်း offline အသုံးပြုနိုင်ပြီ ဖြစ်သည်။ ထို့ပြင် ကမ္ဘာတစ်ဝှမ်းမှ တအာင်းလူငယ်များနှင့် လေ့လာလိုသူများအနေဖြင့် လွယ်ကူစွာ ရှာဖွေလေ့လာနိုင်ရန်အတွက် taangdictionary.org ဝဘ်ဆိုက်ကိုလည်း ပြီးခဲ့သည့် သြဂုတ်လ (၂၃) ရက်နေ့တွင် တရားဝင်လွှင့်တင်ခဲ့ပါသည်။
အဆိုပါ Application ကို တအာင်း-မြန်မာ-အင်္ဂလိပ် (၃) ဘာသာဖြင့် လွယ်ကူစွာ ပြောင်းလဲရှာဖွေနိုင်ပြီး စာပေလေ့လာသူများအတွက် Flashcards ၊ မေးခွန်းများဖြင့် လေ့လာနိုင်မည့်နည်းလမ်းများ (Gamified Learning)၊ နေ့စဥ်မှတ်တမ်းတင်ပေးသည့် Streaks နှင့် Badges စနစ်များ၊ အလင်း/အမှောင် ချိန်ညှိနိုင်ခြင်း၊ စာလုံးအရွယ်အစား ပြင်ဆင်နိုင်ခြင်းနှင့် အသုံးများသည့် ဝေါဟာရများ သီးသန့်သိမ်းဆည်းထားနိုင်သည့်စနစ် (Bookmarking) များပါဝင်ပါသည်။
အဘိဓာန်တွင် ကတူရ်၊ ရူမာည်း၊ ရူစိင်၊ ရူမာဝ်း၊ ရူချုရျ၊ ငွံန်ရောတ်နှင့် ထဲဝ်ရာည် စသည့် တအာင်းမျိုးနွယ်စု (၆) စုလုံး၏ ဝေါဟာရများကို စုဆောင်းပြီး သတ်မှတ်ထားသည့် မူ (၁၀)ချက်နှင့်အညီ စိစစ်၍ ရုံးသုံးစကား (ဘုံ) အဖြစ် ရွေးချယ်ထည့်သွင်းထားခြင်းဖြစ်သည်။ မျိုးနွယ်စုတစ်ခုနှင့်တစ်ခု၊ ရုံးဌာနများ၊ ရဟန်းသံဃာများ၊ စာပေပညာရှင်များနှင့် မိဘပြည်သူများ လွယ်ကူစွာ ဆက်သွယ်ပြောဆိုနိုင်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။
တအာင်းဒစ်ဂျစ်တယ်အဘိဓာန်စီမံကိန်းအဖွဲ့၏ ထုတ်ပြန်ချက်အရ မျိုးနွယ်စုအသီးသီး၏ သီးခြား ဝေါဟာရများနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက အဖွဲ့သို့ တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ကြောင်း နှင့် တအာင်းမိခင်ဘာသာစကားထိန်းသိမ်းမြှင့်တင်ရေးအတွက် အဆိုပါအဘိဓာန်အား မျှဝေအသုံးပြုကြ ရန် တိုက်တွန်းနှိုးဆော်ထားပါသည်။
Website Official
www.taangland.org
Telegram Official Channel
https://t.me/pslftnlanews
Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV
YouTube Official
https://www.youtube.com/@pslftnlanews
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ