အပတ်စဥ် (၂) ဥပဒေအရာရှိ သင်တန်းဆင်းပွဲအခမ်းအနားကို အောင်မြင်စွာ ကျင်းပပြီးစီး
နမ္မတူ၊ အောက်တိုဘာ ၂ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ နမ္မတူမြို့တွင် ဥပဒေရုံးချုပ်၏ လေ့ကျင့်ရေးအဖွဲ့မှ ဦးဆောင်ဖွင့်လှစ်သည့် အပတ်စဥ် (၂) ဥပဒေအရာရှိသင်တန်း ဆင်းပွဲအခမ်းအနားကို ပြီးခဲ့သည့် စက်တင်ဘာလ (၁) ရက်နေ့၌ အောင်မြင်စွာ ပြုလုပ်ကျင်းပပြီးစီးခဲ့ပါသည်။

သင်တန်းဆင်းပွဲတွင် PSLF/TNLA ၏ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်ဘုန်းကျော်မှ အမှာစကား ပြောကြားရာ၌ ဒီမိုကရေစီထွန်းကားရေး၊ လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေးနှင့် လူ့အဖွဲ့အစည်း အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ၊ အကြမ်းဖက်မှုများကို တားဆီးကာကွယ်နိုင်ရေးတို့အတွက် တရားဥပဒေစိုးမိုးရေး ပိုမိုအားကောင်းလာစေရန် အလွန်အရေးကြီးကြောင်း တိုက်တွန်း ပြောကြားခဲ့သည်။

ထို့ပြင် တရားမျှတသော လူ့အဖွဲ့အစည်းတစ်ခုတည်ဆောက်ရာတွင် “ဥပဒေအထက် မည်သူမျှမရှိစေရ” ဟူသောမူကို လက်တွေ့ဖော်ဆောင်ပြီး လူတိုင်းအပေါ် ဥပဒေကို တန်းတူညီမျှစွာ ကျင့်သုံးရမည်ဖြစ်သည်။ ယင်းနောက် သင်တန်းကို အောင်မြင်ပြီးမြောက်သူများကိုလည်း ဂုဏ်ယူ ဝမ်းမြောက်ကြောင်းနှင့် လူ့အဖွဲ့အစည်းအတွက် အကျိုးပြုသည့် ဥပဒေပညာရှင်ကောင်းများ ဖြစ်လာစေရန်အတွက် ဗိုလ်ချုပ်ဘုန်းကျော်မှ တိုက်တွန်းခဲ့သည်။

အဆိုပါသင်တန်းကို (၆) လကြာ ဖွင့်လှစ်သင်ကြားခဲ့ပြီး ဥပဒေအရာရှိလုပ်ငန်းဆိုင်ရာဘာသာရပ်များနှင့် ဥပဒေရုံးလုပ်ငန်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို လက်တွေ့လေ့ကျင့်မှုများနှင့်အတူ စနစ်တကျ သင်ကြားပို့ချပေးခဲ့သည်။ အခမ်းအနားတွင် သင်တန်းအောင်မြင်ပြီးမြောက်သူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပြီး ထူးချွန်သူများကိုလည်း ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ခဲ့သည်။ သင်တန်းဆင်းဥပဒေအရာရှိများသည် တအာင်းပြည်အတွင်းရှိ မြို့နယ်အသီးသီးနှင့် ဥပဒေရုံးချုပ်၏ ဌာနခွဲများတွင် တာဝန်ထမ်းဆောင်သွားမည်ဖြစ်သည်။

ဥပဒေအရာရှိသင်တန်းသည် တအာင်းပြည်အတွင်းရှိ ပြည်သူလူထုများမှ ဥပဒေ၏ အကာအကွယ်ကို တန်းတူညီမျှစွာ အပြည့်အဝရရှိစေရေး၊ တရားဥပဒေစိုးမိုးရေး ပိုမိုအားကောင်းလာစေရေးနှင့် ဥပဒေဆိုင်ရာလုပ်ငန်းစဉ်များတွင် ထိရောက်စွာ ပူးပေါင်းပါဝင်၍ ဥပဒေရုံး၏ လုပ်ငန်းတာဝန်များကို အပြည့်အဝ အကောင်အထည်ဖော်ဆောင်ရွက်နိုင်သည့် ဥပဒေအရာရှိများ မွေးထုတ်ပေးရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

အခမ်းအနားကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်ဘုန်းကျော်၊ အထွေထွေအတွင်းရေးမှူး (၂) ဗိုလ်မှူးကြီးပါင်လ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/မများနှင့် သင်တန်းသား/သူများအပါဝင် စုစုပေါင်း လူဦးရေ (၇၀) ဦးဝန်းကျင် တက်ရောက်ခဲ့ကြသည်။

Website Official
www.taangland.org
Telegram Official Channel
https://t.me/pslftnlanews
Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV
YouTube Official
https://www.youtube.com/@pslftnlanews
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ